မြိတ်ကနေ တခြားမြို့တွေကို နယ်ကျော်သွားလာသူတွေဟာ သုံးဘီးယာဉ်စီးနိုင်တဲ့ ကန့်သတ် လူဦးရေကြောင့် သွားလာရာမှာ အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကစပြီး သုံးဘီးယာဉ်တွေမှာ ခရီးသည်နှစ်ဦးထက်ပိုတင်လာရင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာပါ။ ဒါ့အပြင် လူနှစ်ဦးထက်ပိုတင်လာတဲ့ သုံးဘီးယာဉ်တွေကို ကျပ်သုံးသောင်းကနေ ကျပ်ငါးသောင်းအထိ စစ်ဆေးရေးဂိတ်တွေက ဒဏ်ငွေတောင်းတာတွေလည်း ရှိတယ်လို့ သုံးဘီးယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဒေသခံတွေဟာ လူများများနဲ့သွားနိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာလို့ သုံးဘီးယာဉ်ကို အသုံးပြုသူများကြသလို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ခရီးသည်တင်ကားတွေဆိုရင် အချိန်ကြာမြင့်စွာ စစ်ဆေးပြီး သုံးဘီးယာဉ်တွေဆို အစစ်အဆေးနည်းတာကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။
မြိတ်မြို့ခံအမျိုးသားတစ်ဦးက “ရွာဘက်တွေက အဓိကစီးကြတယ်။ မြိတ်မှာ လှေဝင်လို့ ပစ္စည်းလာယူတာတို့ လူလာတွေ့တာတို့ဆို တစ်မိသားစုလုံးလာကြတယ်လေ။ ကားမူးတဲ့သူတွေဆိုလည်း သုံးဘီးစီးကြတာများတယ်။” လို့ ပြောပါတယ်။
မြိတ်မြို့ကနေ ပုလောနဲ့တနင်္သာရီမြို့ကို အံစာတုံးကားနဲ့သွားရင် ခရီးသည်တစ်ဦးကို ကျပ် ၁၅,၀၀၀ ပေးရပြီး သုံးဘီးယာဉ်ကို ငှါးမယ်ဆိုရင်တော့ တစ်စီးလုံးကို ကျပ် ၅၀,၀၀၀ ဝန်းကျင် အနည်းဆုံး ပေးရပါတယ်။ ဒါပေမယ့် သုံးဘီးယာဉ်က ခရီးသည် ရှစ်ဦးအထိ စီးလို့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
သုံးဘီးယာဉ်မောင်းတွေကတော့ လူနှစ်ဦးထက်ပိုမတင်ရရရင် သုံးဘီးမောင်းသူအတွက်ရော စီးတဲ့ခရီးသည်တွေအတွက်ပါ ပေးရတဲ့ဈေးနဲ့ မကိုက်ဘူးလို့ ပြောပါတယ်။
သုံးဘီးယာဉ်ကို နှစ်ဦးထက် ပိုမစီးရလို့ ကန့်သတ်ခံရပြီးနောက်မှာ ခရီးသည်တွေဟာ မြိတ်မြို့တွင်းကနေ နယ်ကျော်သွားတဲ့ အခါ စစ်ဆေးရေးဂိတ်မရောက်ခင်အထိ သုံးဘီးယာဉ်စုစီးကြပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်တဲ့အခါ ဆိုင်ကယ်တက္ကဆီကို ကျပ်တစ်ထောင်နဲ့ ငှါးပြီး ပြောင်းစီးကြတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်ကျော်ရင်တော့ သုံးဘီးယာဉ်ကို ထပ်ပြောင်းစီးတာမျိုး လုပ်ကြရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေ အသုံးပြုမှုများတဲ့ သုံးဘီးယာဉ်တွေကို ပစ်မှတ်ထားတင်းကြပ်လာသလို ဆိုင်ကယ်ကို အဓိကအသုံးပြုပြီး သွားလာရတဲနေရာမှာလည်း အမျိုးသားနှစ်ယောက်မစီးရ ကန့်သတ်ထားတာကြောင့် ဒေသခံတွေဟာသွားလာရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။