စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒီဇင်ဘာလအတွင်း ကရင်နီပြည်သူ ၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ သေဆုံးသူတွေဟာ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦး နဲ့ အမျိုးသား အမျိုးသမီး ခွဲခြားမသိနိုင်တော့တဲ့သူ ၁ ဦးတို့ဖြစ်တယ်လို့ KnHRGကဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၇ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးလည်းပါဝင်တယ်လို့ KnHRG က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိပြီး အမျိုးသမီး ၂ ဦး အမျိုးသား ၆ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းကို နှင်းမိပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိမှုလည်း ဖြစ်ပွားခဲ့တယ်လို့ KnHRG ကဆိုပါတယ်။
အခုထုတ်ပြန်ချက်တွေဟာ ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRGက ကောက်ယူရရှိတဲ့ မှတ်တမ်းပြုစုမှုသာဖြစ်ပြီး မှတ်တမ်းမယူနိုင်တဲ့ ထိခိုက်သေဆုံးမှုများ အိုးအိမ်ပျက်စီးဆုံးရှုံးမှုများလည်း များစွာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။