တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ရွာ ရှစ်ရွာထက်မနည်းတဲ့ ရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၅၈)ကနေ အင်အား ၇၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာပါ။ ဒီကနေ့အထိ ညောင်ပင်ကွင်းရွာ၊ ပျို့အိုင်ရွာ၊ ကျွဲထိန်းကုန်းရွာ၊ ဗမာအင်းတော်ရွာ၊ မြေမအုံရွာ၊ ကမ္မလိုင်းရွာ၊ ရှမ်းအင်းတော်ရွာနဲ့ ရေဖြူကျေးရွာတို့ကို တောက်လျှောက် စစ်ကြောင်း ထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ရွာသားတွေက ရွာထဲကို ဝင်လိုက်ထွက်လိုက်ပဲ။ အရင်ခေါက်တွေက ရွာထဲစစ်သားတွေဝင်လာရင် ရွာသားတွေဆို လူသားဒိုင်းပုံစံဖမ်းခံရတယ်။ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေဆိုလည်း ဆဲဆိုရိုက်နှက်တာတွေ လုပ်ဖူးတော့ စစ်ကြောင်းထိုးပြီအသံကြားတာနဲ့ ဘယ်သူမှမနေရဲဘူးလေ။ နီးရာအကုန်ပြေးပဲ” လို့ ကမ္မလိုင်းရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းထိုးနေတဲ့ရွာတွေက စစ်ရှောင်ဒေသခံတွေဟာ နီးစပ်ရာ ဥယျာဥ်ခြံတွေကို တိမ်းရှောင်နေကြရပြီး စစ်ရှောင်စခန်းတွေကို စစ်ရှောင်လာကြတာမျိုးကတော့ မရှိသေးတဲ့အတွက် စစ်ရှောင်အရေအတွက် အတိအကျကို မသိရသေးဘူးလို့ တနင်္သာရီဒေသခံ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူက ဆိုပါတယ်။
“ကျနော်တို့တွေလည်း အခြေအနေတချက်စောင့်ကြည့်နေတာမျိုးတော့ရှိတယ်။ သူတို့တွေလိုအပ်လာရင် ထောက်ပံ့ပေးလို့ရအောင်တော့ ပြင်ထားပါတယ်” လို့ သူကပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာတော့ ရှမ်းအင်းတော်ရွာ စာသင်ကျောင်းမှာ စခန်းချတပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလိုမျိုး စစ်ကြောင်းထိုးနေချိန်မှာ တနင်္သာရီ အမြောက်တပ် ၊ အမတ (၃၀၆) ကနေ စစ်ကြောင်းထိုးနေတဲ့ နယ်မြေတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ၊ ထိတွေ့တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ ၅ ရွာ အထိရှိလာပြီဖြစ်ပြီး အဲဒီရွာတွေထဲမှာ အခုစစ်ကြောင်းထိုးရာမှာပါတဲ့ ရေဖြူကျေးရွာလည်း ပါဝင်ပါတယ်။