စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ ခရစ်ယာန် ဘုရား ရှိခိုးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၂ ဦး အပါ အဝင် ပြည်သူ ၁၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို A5 တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၄ လုံးကျဲချကြောင်း၊ ဘုရားရှိခိုးကျောင်း ဗုံးထိမှန်၍ ကလေးငယ် ၂ ဦး၊ ပြည်သူ ၉ ဦး စုစုပေါင်း ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။
“ကနန်းစံပြကျေးရွာ ဘုရားကျောင်းကို တိုက်လေယာဉ် A 5 တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကျဲချတာ ပြည်သူ ၉ ဦး သေဆုံးပါတယ်။ ကလေး ၂ ဦးလည်းသေတယ်။ အဲဒီအထဲကမှ တစ်စီ လိုက်ကောက်ရတာက ၃ ဦးရှိပါတယ်။ ဒဏ်ရာရသူအများအပြားရှိပါတယ်။ ဘုရားကျောင်းတက်နေသူ အများအပြား သေဆုံးဒဏ်ရာရပါတယ်။ ဒဏ်ရာရသူ စာရင်း အသေးစိတ်မသိရသေးပါဘူး။ တိုက်လေယာဉ်နဲ့ ထပ်လာကျဲမှာစိုးလို့ ဒဏ်ရာရသူတွေ ကယ်ထုတ်တာကို အမြန်လုပ်နေရပါတယ်။ သေဆုံးသူတိုးလာနိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ထားခဲ့ကြောင်း သိရှိရသည်။