ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စု လမ်းမပေါ်ရှိ ကွတ်ခိုင်မှာ ဒီနေ့ ဇန်နဝါရီ ၇ ရက်ေန့ မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဒီနေ့ မွန်းလွဲ ၂ နာရီ ခန့်ကစ ကွတ်ခိုင်မှာ လေယာဉ် ၂ စီးနဲ့ ဗုံး လာကြဲနေတယ်။ ဗျူဟာကုန်းဘက် လာကြဲနေတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ် ခန့်ကလည်း ဂျက်ဖိုက်တာနဲ့ တစ်ခါ ဗုံးလာကြဲသွားတယ်လို့ သူက ပြောပါတယ်။
“မွန်းလွဲ ၂ နာရီ ၁၂ မိနစ်က တက်လာတဲ့ လေယာဉ် ၂ နာရီခွဲမှာ ကွတ်ခိုင် ထဲ ဗုံးလာကြဲသွားတယ်။ ပြီးတော့ ဂျက် ၂ စီး ထပ် တက်လာတယ်။ အားလုံး ဂျက် ၃ စီးပေါ့။ Y12 လည်း ကွတ်ခိုင်မှာ ဗုံးလာကြဲတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကွတ်ခိုင်မြို့ ရပ်ကွက် ၁ ဘက်တော့ မီးခိုး တလူလူ ဖြစ်နေတာ မြင်တွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင် စစ်ကောင်စီတွေနဲ့ TNLA တို့ အကြား ဆွေးနွေးမှု ရှိကြောင်း သတင်း ထွက်ပေါ်နေပြီး မနေ့ညက စစ်ကောင်စီတွေကိုကားအစီး ၄၀ ခန့်နဲ့ TNLA တွေ ကာလိုင် လမ်းဘက်ကနေ ခေါ်သွားတာလည်း တွေ့ရတယ်လို့ ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့ကစ ဒီနေ့ အထိ ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်း မဟာမိတ် တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ဖြစ်နေတာလို့ ဆိုပါတယ်။