ရှမ်းပြည်မြောက်ပိုင်း၊ ကုန်သွယ်ရေးလမ်းမပေါ်မှာရှိတဲ့ သိန္နီမြို့ရှိ စစ်ကောင်စီ စကခ ၁၆ နဲ့ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းကို TNLA နဲ့ ပူးပေါင်းအဖွဲ့ တို့ ဇန်နဝါရီလ ၇ ရက်နေ့က သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ သိန္နီအခြေစိုက် “စကခ ၁၆ နောက်တန်း ဌာနချုပ်” ကို ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီခန့်က သိမ်းပိုက်နိုင်ခဲ့ပြီး “ကွတ်ခိုင်ဗျူဟာ ကုန်း” ကိုတော့ ဇန်နဝါရီလ ၇ ရက်ည ၁၁ နာရီဝန်းကျင်ခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကွတ်ခိုင်မှာတော့စခန်း သိမ်းပိုက်မခံရခင် ၂ ရက်ဆက်တိုက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ပစ်ကူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“လေယာဉ်မျိုးစုံနဲ့ ဗုံးလာကြဲ နေတာ။ မြို့ထဲ။ ဘယ်သူတွေ ထိလို့ ဘာတွေ ဖြစ်လဲဆိုတာ အတိအကျမသိရဘူး။ သွားလည်း မကြည့်ရဲဘူး” လို့ ကွတ်ခိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။
မနေ့က ကွတ်ခိုင်မြို့အနီး ဟိုကျန့်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်၊ လွယ်အွန်း စတဲ့ရွာတွေမှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ၉ ကြိမ် ဗုံး ၅၉ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်း နဲ့ လူနေအိမ် ၂ အိမ် ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ အခြေအနေ တွေကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ကြောင်း ပါရှိပါတယ်။
စစ််ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အတိုကောက်ခေါ်တဲ့ စကခတစ်ခု ကျတာဟာ ဒီတစ်ကြိမ်ပထမဆုံးဖြစ်ပြီး စကခတစ်ခုရဲ့လက်အောက်မှာ တပ်ရင်း ၁၀ရင်းရှိတယ်လို့ CDM စစ်ဘက်အရာရှိတွေထံကနေသိရပါတယ်။