တအာင်းတပ် (TNLA) သိမ်းယူထားတဲ့ ရှမ်းမြောက်က နမ့်ဆန်မြို့နယ်ထဲက မြို့သစ်ရွာကို စစ်ကောင်စီလေတပ် ဒီနေ့ ညနေပိုင်း ၃ နာရီခန့်မှာ ဗုံးကြဲရာ အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံကသိရပါတယ်။
သေဆုံးသူအရပ်သားတွေဟာ တအောင်းအမျိုးသားပညာရေးကော်မတီ ကျောင်းဆရာ နဲ့ သား ၂ ဦး ၊ မြို့သစ်ရွာခံ အမျိုးသမီး ၃ ဦး စုစုပေါင်း ၆ ဦးဖြစ်တယ်ဆိုတာကို ကနဦးသိရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက အသိပေးပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း မြို့သစ်ရွာ ဒေသခံတွေ နီးစပ်ရာ ရွာတွေဆီ ထွက်ပြေးရသလို နေအိမ်တွေလည်း အများအပြားထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
တိုက်ပွဲမဖြစ်ဘဲ မြို့သစ်ရွာ ဗုံးကြဲခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ အသေးစိတ်စာရင်းကိုတော့ ဆက်လက်စုံစမ်းဆဲလို့ တအာင်းအမျိုးသမီးအဖွဲ့က ဆိုပါတယ်။
ဒါဟာ နမ့်ဆန့်မြို့ ၊ မြို့သစ်ရွာ ဒုတိယအကြိမ်မြောက် ဗုံးကြဲခံရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ညပိုင်းက ဗုံးကြဲရာမှာလည်း အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရထားတဲ့ ဖြစ်စဉ်ဖြစ်ထားပါတယ်။
လက်ဖက်မြို့တော်လို့ တင်စားကြတဲ့ ရှမ်းမြောက်က နမ့်ဆန်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် (TNLA) ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်ပိုင်းမှာ အပြီးသတ်သိမ်းယူထားနိုင်ခဲ့ပါတယ်။