ရန်ကုန်မြို့နဲ့ မိုင် ၁၀၀ ပတ်ချာလည် တဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားလာချိန် ရန်ကုန်ရဲ့ ဆင်ခြေဖုန်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဟာ ဧည့်စာရင်းစစ်တာတွေ အခုရက်ပိုင်းတွေမှာပြုလုပ်လာပါတယ်။
တောင်ဒဂုံ ၊ဒဂုံဆိပ်ကမ်း ၊ရွှေပြည်သာ နဲ့ လှိုင်သာယာ မြို့နယ်တွေထဲမှာ အခုလ ပထမ ပတ်အတွင်းမှာ ဧည့်စာရင်းစစ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧည့်စာရင်းနဲ့နေထိုင်သူတွေကို ပစ်မှတ်ထားစစ်ဆေးတာလို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ ဒေသခံ တစ်ဦးက ပြောပြပါတယ်။
” သန်းခေါင်စာရင်းနဲ့အိမ်ဆို မစစ်ဘူးကျော်သွားတယ် ” လို့ အဲဒီဒေသခံက ဆိုပါတယ်။
စစ်ကောင်စီဟာ ယခင်က ဧည့်စာရင်းခွင့်ပြုတဲ့ကာလကို တစ်လ ခွင့်ပြုရာကနေ နှစ်ပတ်တစ်ကြိမ် တိုင်ကြားဖို့ ဖိအားပေးလာတယ်လို့သိရပါတယ်။
ဧည့်စာရင်း တိုင်ရာမှာလည်း ရပ်ကွက်ရုံးတွေဟာ ဧည့်စာရင်းကို လွယ်လွယ်မပေးဘဲ ငွေညှစ်တာ ၊ ငွေကြေး ကောက်ခံတာမျိုး ကြုံရသူတွေလည်းရှိပါတယ်။
” တစ်ထောင်လောက် ပေးရင် နည်းတယ်ပေါ့ ၊ ပြန်မော့ကြည့်တာ ” လို့ ရွှေပြည်သာမြို့နယ်အတွင်း ဧည့်စာရင်းနဲ့နေထိုင်သူ လူလတ်ပိုင်းအမျိုးသားတစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ NLD အစိုးရ လက်ထက်က ဖျက်သိမ်းခဲ့တဲ့ ဧည့်စာရင်း ကို ပြန်လည်အသက်သွင်းခဲ့တာပါ။
အခုလို ရန်ကုန်ရဲ့ဆင်ခြေဖုန်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးလာချိန်ဟာ ရန်ကုန်နဲ့ မိုင်၁၂၀ ခန့်သာဝေးတဲ့ ရန်ကုန် −မန္တလေး လမ်းဟောင်းပေါ်က ပဲခူးတိုင်း ၊ကညွှတ်ကွင်းတဝိုက် အထိ တိုက်ပွဲတွေ ဖြစ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။