ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ရှောင်လာတဲ့ ရွှေတောင်စခန်းကပြည်သူတွေဟာ စစ်ရှောင်ကာလ ၂ လဝန်းကျင်ရှိနေပြီး ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ရွှေတောင်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၈ အိမ်ရှိပြီး လူဦးရေ ၇၀ ကျော်နေထိုင်ကာ သက်ကြီးရွယ်အိုနဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့ ပြည်သူ ၃ ဦးနဲ့ ၁၈ နှစ်အောက်ကလေးငယ် ၁၀ ယောက်လည်း နေထိုင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အဝတ်တထည်ကိုယ်တခုနဲ့ ပြေးလွှားလာရပြီး အိုးခွက်ပန်းကန်တွေလည်းမလုံလောက်ဘူးလို့ ဆိုပါတယ်။
လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား နိုဝင်ဘာလ ၁၁ ရက်ကစပြီး ဒီနေ့အချိန်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အသုံးအဆောင်ပစ္စည်းတွေ၊ ရိက္ခာတွေကိုလည်း ပြန်မယူရဲဘဲ ကျေးရွာက ဒေသခံပြည်သူတွေ ကူညီပေးတာနဲ့ ရှေ့ဆက်နေကြရတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ် ၊ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ တသိန်းကျော်အထိရှိနေပြီး စစ်ရှောင် ကာလကြာမြင့်လာတာ၊ စစ်ဘေးရှောင်ပြည်သူဦးရေ တိုးလာတာ၊ ထောက်ပံ့ပေးတဲ့ အလှူရှင်တွေ နည်းပါး လာတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ အနွေးထည် စတာတွေမှာ အခက်အခဲနဲ့ လိုအပ်ချက်တွေ ကြီးမားနေပြီး စစ်ရှောင် စခန်းတချို့မှာ တရက်ကို ထမင်းတနှပ်၊ နှစ်နှပ်ပဲစားသုံးကြတဲ့ပြည်သူတွေများလာတယ်လို့ သိရပါတယ်။