မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျောက်ငနွားကျေးရွာတွင် ယနေ့ ညနေက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၉ရက်) ညနေ ၆နာရီခန့်က စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာတောင်ဘက် သဲချောင်းတောင်ဘက်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် ကျောက်ငနွားရွာသို့ ကျရောက်ပြီး အသက်(၃၀)ကျော်အရွယ် ကိုကျော်မျိုးထက်ဆိုသူ ထိမှန် သေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်း(စဉ့်ကူး)အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် အခြားအမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရန် စဥ့်ကူး(ပကဖ)အဖွဲ့က စီစဥ်နေသည်။
“တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ ကျေးရွာတွေဦးတည်ပြီး ပစ်တာ။ အကြောင်းမဲ့သက်သက်ကိုထုတာ။”ဟု ကင်းထောက်မြေပြင်သတင်း(စဥ့်ကူး)အဖွဲ့ဝင်က ပြောသည်။
စစ်တပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်ငနွားကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ထို့အပြင် စဥ့်ကူးမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်တလျှောက်တွင် စစ်တပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်ကလည်း ရွာသာယာပျူစောထီးရွာသို့ ရိက္ခာလာပို့သော စစ်ကောင်စီ၏ ရေယာဥ်တိုက်ခိုက်ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။