ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ရဲနဲ့ ရဲသတင်းပေး(အင်ဖော်မာ)တွေက ဒီဇင်ဘာလ အစပိုင်းလောက်စပြီး မူးယစ်ဆေး ရောင်းဝယ်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ တောင်ကြီးမူးယစ်ဆေး အသိုင်းအဝိုင်းထံမှ သိရပါတယ်။
လက်လီရောင်းဝယ်သူ၊ ပို့ဆောင်သူတွေကို ဖမ်းဆီးချုပ်နှောင်တာမျိုး မလုပ်ဘဲ သိန်း ၁၀၀ အထိ ငွေညှစ်နေတယ်လို့ ဆိုပါတယ်။
မူးယစ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက “ဖမ်းဆိုတော့ မဖမ်းဘူး။ ငွေညှစ်တာ။ သိန်း ၁၀၀ ဆိုပေမယ့် ၅၀ လောက်နဲ့လည်း ညှိလို့ရတယ်။ တစ်ညကို သိန်း ၃၀၀ လောက် ခိုင်နေတာ” လို့ ပြောပါတယ်။
လတ်တလော ဦးဆောင်သူအနေနဲ့ အမှတ် ၁ ရဲစခန်းက နယ်ထိန်း ရဲအုပ် နေလင်းဦး အပါအဝင် အင်ဖော်မာ ၃ ဦးခန့် ရှိပြီး စားသောက်ဆိုင်၊ ဘား၊ ကလပ်၊ ဟိုတယ် စတဲ့နေရာတွေထံ မူးယစ်ဆေး လိုက်လံ ပို့ဆောင်နေသူတွေကို အဓိက ပစ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လူပြတ်တဲ့လမ်းတွေမှာ ကားတွေကို လိုက်လံစစ်ဆေးပြီး မူးယစ်ဆေး ကိုယ်တိုင်ထည့်ကာ အမှုဆင် ဖမ်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ရဲအုပ် နေလင်းဦးနဲ့ အဖွဲ့ဟာ ညစဉ်ညတိုင်း တောင်ကြီးမြို့တွင်းမှာ ကားတွေနဲ့ လှုပ်ရှားနေပြီး လူငယ်တွေ အနေနဲ့ ရှောင်ရှား သွားလာကြဖို့ မူးယစ်ဆေး လက်လီရောင်းဝယ်သူတွေက သတိပေးထားပါတယ်။
လက်ရှိ ဖမ်းဆီးနေတဲ့အထဲမှာ Weed(ဆေးခြောက်)၊ K, E စတဲ့ မူးယစ်ဆေး အမျိုးအစားတွေ ပါဝင်ပြီး တခြား အမျိုးအစားတွေတော့ မပါဝင်ဘူးလို့ စုံစမ်း သိရပါတယ်။