စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရန်နှင့် ဆေးရရှိရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီနောက် နယ်မြေတည်ငြိမ်မှုမရှိသည့်အတွက် ကာကွယ်ဆေးရရှိရန် ခက်ခဲခဲ့သွားသည်ဟု အင်းတော်မြို့နယ်မှ CDM ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
“ပြည်ပက တင်သွင်းရတာဆိုတော့ သူက လမ်းခရီးတစ်လျှောက်လည်း အဲ့ဒီဆေးနဲ့ ကိုက်ညီတဲ့ ထားသိုလို့အဆင်ပြေတဲ့ နေရာလည်း ရှိမှရမယ်ဆိုတော့ ကျွန်မတို့ဆီမှာက နယ်မြေတည်ငြိမ်တဲ့ထဲမပါတော့ အဲ့ဒီလိုအချက်တွေနဲ့ အဆင်မပြေတော့ ဆေးတွေရောက်ရှိဖို့ ခက်ခဲနေတာ”ဟု ၎င်းကျန်းမာရေးဝန်ထမ်းမှ ဆက်ပြောသည်။
NUG အစိုးရလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန (MOH) ထံသို့လည်း ကလေးငယ်များ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် တင်ပြထားပြီး ကာကွယ်ဆေးရောက်ရှိနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ဆက်ပြောသည်။
“ကျွန်မတို့ ကလေးတွေအတွက် လုပ်ဆောင်နေကြပါတယ် အခုကာကွယ်ဆေးမထိုးရလည်း တောင်ပေါ်ဒေသမှာ ထိုးသလို သုံးလဆက်တိုက် ထိုးလိုက်လို့လည်းရတယ်။ နယ်မြေတည်ငြိမ်သွားပြီ အဆင်ပြေပြီဆိုရင်တော့ ကာကွယ်ဆေးထိုးနိုင်တော့မှာပါ။”ဟု ၎င်းဆရာမ က ဆိုသည်။
ထီးချိုင့်မြို့နယ် ပြည်သူတစ်ဦးကလည်း “ကျွန်တော့်ကလေးဆို ကာကွယ်ဆေးတစ်ခေါက်မှ မထိုးရသေးဘူး။ ဘယ်နေရာကမှ ထိုးလို့ရတဲ့နေရာမရှိဘူး။”ဟု ဆိုသည်။
ဗန်းမောက်၊ ကသာနှင့် အင်းတော်မှ ကလေးငယ်တစ်ချို့မှာ စစ်ကောင်စီလွမ်းမိုးမှုရှိသည့် ကချင်ပြည်နယ် မိုးညှင်းမြို့သို့ ကာကွယ်ဆေးများ သွားရောက်ထိုးနှံနေကြကြောင်းလည်း သိရသည်။
“သွားလို့အဆင်ပြေတဲ့ သူတွေကတော့ မိုးညှင်းထိ အဝေးကြီးသွားကြတယ်။ အဆင်မပြေတဲ့ သူတွေကတော့ ဒီတိုင်းပါ့အေ့”ဟု ပြည်သူတစ်ဦးက ဆိုသည်။
ကလေးငယ် မွေးစအရွယ်တွင် ဘီစီဂျီကာကွယ်ဆေး၊ နှစ်လ၊ လေးလနှင့် ခြောက်လအရွယ်တွင် ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်-အသားဝါ (ဘီ) -ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့်ကာကွယ်ဆေးများ ထိုးနှံရပြီး ကိုလအရွယ်တွင် ဝက်သက်-ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနှင့် တစ်နှစ်ခွဲအရွယ်တို့တွင် ဝက်သက်-ဂျိုင်သိုးနှင့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသာဝါ (ဘီ) – ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) တို့ ထပ်မံထိုးရကြောင်း သိရသည်။
၎င်းဆေးများသည် အပူချိန် +2°C နှင့် +8°C အတွင်းတွင် ထားသိုရသည့်အတွက် လမ်းခရီးတွင် သယ်ဆောင်သည့်အခါ လိုအပ်သည့်အပူချိန်ထက်ကျော်လွန်သွားလျှင် ဆေးအာနိသင် ပျက်ပြယ်သွားနိုင်ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ကလေးငယ်များအတွက် ကာကွယ်ဆေးရရှိရန်နှင့် ဆေးထိုးနှံရန် ခက်ခဲနေကြောင်း သိရသည်။