တနင်္သာရီမြို့နယ်က တော်လှန်ရေးရဲဘော်တွေကိုဆေးကုသပေးနေတဲ့ ဆေးတပ်ဖွဲ့တွေဟာ ဆေးဝါးနဲ့ ပစ္စည်း ကိရိယာမပြည့်မစုံနဲ့ ကုသနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဆေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
အဓိကအနေနဲ့ အနာဆေးကိရိယာ၊ အရိုးဖြတ်ကိရိယာ၊ သွေးထိန်းပတ်တီး၊ သွေးထိန်းဆေး၊ သွေးပေါင်ချိန်နားကြပ်၊ ခွဲစိတ်ဓားထည့်ကိရိယာ၊ ချုပ်အပ်ထည့်ကိရိယာ၊ တစ်ရှူးကိုင်ကိရိယာ(အသားစ)၊ တစ်ရှုးကိုင်ကိရိယာ(အဖြောင့်)၊ ကတ်ကြေး၊ အသားစညှပ်ကပ်ကြေး၊ ဇာဂနာ(အကြောညှပ်၊အသားညှပ်)၊ ချုပ်ရိုးဖြေကတ်ကြေး၊ ကျောက်ကပ်ပုံခွက်၊ ချုပ်အပ်၊ ချုပ်ကြိုး စတဲ့ ပစ္စည်းတွေလိုအပ်နေတာဖြစ်တယ်လို့ ဆေးတပ်သားတွေက ဆိုပါတယ်။
ကိရိယာပစ္စည်းတစ်ခုကို အနည်းဆုံး ကျပ်တစ်သောင်းကစပြီး ကျပ်တစ်သိန်းကျော်အထိ ဈေးရှိနေတာကြောင့် ငွေကြေးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ပြည်သူဖြစ်ဖြစ် ရဲဘော်ဖြစ်ဖြစ် လက်နက်ကြီးထိရင် အရေးပေါ်အခြေအနေမှာ အသုံးများဆုံးက instruments (ကိရိယာတွေ) ပဲပေါ့နော်။ အရေးပေါ်လူနာကုရင်းနဲ့ တစ်ခု၊ နှစ်ခုပြုတ်ကျကျန်ခဲ့ရင်လည်း အစုံလိုက်ပြန်ဝယ်ရတယ်။” လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ ဆေးတာဝန်ခံအမျိုးသမီးဆီက ပြောပါတယ်။
ဆေးတာဝန်ခံအမျိုးသမီးပြောတဲ့ အရေးပေါ်လူနာကုတဲ့အချိန်ဟာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ် ပစ်နေတဲ့ အချိန်ကာလအတွင်း ထိခိုက်လူနာတွေကို ကုသရတဲ့အခြေအနေကို ဆိုလိုတာပါ။
ဒါ့အပြင် သွေးထိန်းပတ်တီး၊ သွေးထိန်းဆေးနဲ့ အသက်ကယ်ဆေး လိုအပ်ချက်တွေကြောင့် ရဲဘော် နဲ့ ကျည်ထိမှန် ပြည်သူ ၆ ဦး ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ-၂ ကဆေးတာဝန်ခံ ကိုဇီးကွက်က ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်လလောက်ကလည်း ဆေးပစ္စည်းအလုံအလောက်မရှိလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကို မကယ်တင် နိုင်ခဲ့ဘူးလို့ ကိုဇီးကွက်က ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက ညနေ ၅ နာရီလောက်။ ကျည်ထိရဲဘော်ကို တောင်တွေကျော်ပြီး သွားသယ်တာ ည ၂ နာရီထိုးမှ သွားတွေ့တယ်။ ဆေးတပ်သားမှာကလည်း အသက်ကယ်ဆေးကနှစ်လုံးလောက်ပဲပါတယ်။ သွေးထိန်းပတ်တီးတွေ လည်းမလုံလောက်ဘူး။ အဲဒါနဲ့ ဆေးမမှီလိုက်တော့ဘူး။” လို့ သူက ဆိုပါတယ်။
သွေးပေါင်တိုင်းကိရိယာကိုတောင်မှ ဆေးတပ်သားတိုင်းမှာမရှိဘူးလို့ ကိုဇီးကွက်ကပြောပါတယ်။
တနင်္သာရီမြို့နယ်ဟာ ပြီးခဲ့တဲ့နှစ်က တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။