မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ တိုက်ပွဲကြောင့်နေရပ်စွန့်ခွာသူ ၆ သိန်းခွဲတိုးလာတယ်လို့ ကုလသမ္မဂ (UN Myanmar ) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာဖြစ်နေတဲ့ တိုက်ပွဲကြောင့် လူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေ ကြရပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်များစွာမှာ နေရပ်စွန့်ခွာရသူဦးရေတိုးလာနေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေများလာနေတယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၇ သန်းကို လာမယ့်သီတင်းပတ်များအတွင်းမှာ ပဋိပက္ခဒဏ်ခံရသူတွေထံအကူအညီပေးဖို့ ချထားပေးမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့နောက် တိုက်ပွဲတွေနဲ့ နယ်မြေမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေဟာ တစ်ဖြည်းဖြည်းတိုးလာနေပြီး လက်ရှိချိန်ထိ ၂ ဒဿမ ၆ သန်းကျော်ထိရှိလာပြီလို့ ကုလသမ္မဂက ဆိုပါတယ်။