ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ (၃)၊ မူးမြိုနယ်အတွင်း ဇန်နဝါရီလ ၅ ရက် ကနေ ၈ ရက် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကျန်ခဲ့တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှု၊ လက်နက်ကြီးနဲ့ လေကြောင်းက ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ကြောင့် အသက် ၁၀နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး သေဆုံးခဲ့ရပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU(ဗဟို)က မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
မူးမြို့နယ်၊ KNUအုပ်ချုပ်နယ်မြေ၊ ဖြူးမြို့ သောင်းကြီးရွာမှာ ဇန်နဝါရီ ၅ရက်၊ မွန်းလွဲ ၂နာရီ ၁၀မိနစ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကျီးပင်ပေါက်ရွာ၊ ဝက်တူးရွာနဲ့ သောင်ကြီးရွာများ အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်စဉ် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကျန်ခဲ့တဲ့ MA ခွင်းဗုံးကို ကောက်ယူဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး သောင်ကြီးကျေးရွာနေ အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အသက် ၁၁နှစ်အရွယ် ကလေးငယ် တစ်ဦး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၃၀၇ တပ်ရင်းမှ ပစ်ခတ်လိုက်တဲ့ ၁၂၀မမ လက်နက်ကြီး ၁လုံးက ဇလုပ်ကြီးကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၆၅နှစ်အရွယ် ပြည်သူတစ်ဦး မျက်နာမှာ ကျည်စ ထိမှန် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ်လည်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၈ရက်နေ့ မနက် ၁၁နာရီ ၅မိနစ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာ ၂စီးက ကျွန်းပင်ဆိပ်ရွာနဲ့ ငလောက်တက် ရွာကြားရှိ သူဌေးကုန်းဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်ကို ဗုံး ၈လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် ဂျက်ဖိုက်တာရဲ့ စက်သေနတ်များဖြင့် ၃ကြိမ်ခန့် လှည့်ပတ် ပစ်ခတ်သွားတာကြောင့် စပါးလာရောက်ဝယ်ယူသူ ရင်းတိုက်ကုန်းရွာသား အသက် ၄၁နှစ်အရွယ် ပြည်သူတစ်ဦး သေဆုံး ခဲ့ရပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒီနေ့ ည ၉နာရီ ၂မိနစ် နဲ့ ၉နာရီ ၇မိနစ် အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ရေလဲကျေးရွာအတွင်းရှိ ဒေသခံပြည်သူ နေထိုင်ရာ ခြံဝင်း အတွင်းကို ကျရောက်ခဲ့ပြီး နေအိမ် ၁လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU(ဗဟို)က ထုတ်ပြန်ထား ပါတယ်။