မြို့နယ် ၂၃ မြို့နယ်က ဒေသခံပြည်သူ ရှစ်ထောင်ကျော်ကို အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ အသိပညာမျှဝေမှုတွေ ပြုလုပ်ထားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းတွေ လုပ်ဆောင်ပေးနေတယ်ဆိုတာနဲ့ လက်ရှိအချိန်မှာ သင်တန်းတက်ရောက်ခဲ့တဲ့ မြို့နယ်(၂၃)မြို့နယ်မှ လူသားစာနာတာဝန်ခံတွေက သက်ဆိုင်ရာမြို့နယ်အလိုက် ဆင့်ပွားသင်တန်းတွေ မြေပြင်မှာ ပို့ချလျက်ရှိကြောင်းနဲ့ အဲဒီလိုပို့ချရာ မှာ သင်တန်းအကြိမ်ရေ (၈၂)ကြိမ်အတွင်း ဒေသခံပြည်သူ (၈,၀၃၆)ဦးကို အသိပညာများ လက်ဆင့်ကမ်း မျှဝေပေးနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့ရဲ့ မြေပြင်ရှိ လူသားစာနာတာဝန်ခံများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ “အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထုဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည်မြှင့်တင်ရေးဆိုင်ရာ နည်းပြသင်တန်း” ကို (၃)ရက်တာ ပြုလုပ်ပေးခဲ့ပါတယ်။
အဆိုပါသင်တန်းမှာ လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းနဲ့ ဓာတုလက်နက်ပစ္စည်း အန္တရာယ် အသိပညာပေးခြင်း၊ လက်နက်ကိုင်ပဋိပက္ခအခြေအနေမှာ ရှေးဦးသူနာပြုစုခြင်းနည်းများ၊ စိတ်လူမှုခွန်အားပေးအစီအစဉ်နဲ့ Safety for Humanitarians အစရှိတဲ့ သင်ခန်းစာများကို မျှဝေပို့ချခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်သတင်းများအရ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူ များရှိရာ ကျေးရွာများအပေါ်ကို (၅၈၃)ကြိမ်တိုင်အောင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၈၉၇)ဦး သေဆုံးခဲ့ရသလို ဘာသာရေးအဆောက်အအုံ (၇၆)ခု နဲ့ စာသင်ကျောင်း (၅၂)ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးသူငယ် (၆၂၇)ဦးနဲ့ အမျိုးသမီး (၁,၀၁၇)ဦးပါဝင်တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက မိမိတို့တည်နေရာလုံခြုံရေးနဲ့ ထိခိုက်ဆုံးရှုံးမှု လျှော့ချရေးတို့အတွက် အစီအမံများကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်အသိပေး ထားပါတယ်။