ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးတဲ့ နောက်ပိုင်းက စလို့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇၃ ယောက်သေဆုံး ခဲ့ရတယ်လို့ ကိုးကန့်တပ် MNDAA က မနေ့ကပဲ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း အရပ်သားတွေကို အဓိကပစ်မှတ်ထားပြီးတိုက်ခိုက်တာ ပိုများတယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ညီနောင်၃ဖွဲ့ကသိမ်းပိုက်ခဲ့တဲ့ သိန္နီအနီး မူပန်(သိန္နီ)ခရိုင် မိုင်းယော် ဒေသကို စစ်ကောင်စီတပ်ကလေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၄ယောက် သေဆုံးခဲ့သလို ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာ နေအိမ် ၁၀ လုံးထက်မနည်းထိမှန်ခဲ့ပြီးတော့ ၉ အိမ် ပျက်ဆီး ခဲ့ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကဆိုရင် လက်ရှိမြောက်ပိုင်းညီနောင် ၃ ဖွဲ့တွေသိမ်းပိုက်ထားတဲ့ လောက်ကိုင် တုန်ချိန်ရပ်ကွက်မှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့အရပ်သား ၁၀ ယောက် သေဆုံးခဲ့သလို ၂၅ ယောက်အထိဒဏ်ရာပြင်းထန်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ နဲ့ မိုးမိတ် ဒေသတွေမှာ စစ်ရေးအရှိန်မြှင့်လျှက်ရှိနေပြီး စစ်ဆင်ရေး ၂ လကျော်အတွင်း မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။
အခုလို ရှမ်းပြည်မြောက်ပိုင်းတစ်ခွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးကစလို့ နိုင်ငံတစ်ဝှမ်းတိုက်ပွဲအရှိန် မြှင့်လာတာနဲ့အမျှ အရပ်သားထွက်ပြေးရတဲ့နှုန်းလည်း ပိုမြှင့်တက်လာသလို ၂ လကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့အရပ်သား ၆သိန်းခွဲကျော်တိုးလာတယ်လို့ ကုလသမဂ္ဂ UN Myanmar က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။