စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တွန်းလှန်ရေးမှ လက်နက်ကိုင်လမ်းစဉ်ဖြင့် စစ်ရေးနည်းလမ်းတစ်ခုတည်းသာကျန်ရှိတော့ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
KNUဥက္ကဋ္ဌ၏ ကရင်နှစ်သစ်ကူးနေ့နှစ်ခွန်းဆက်စကားတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။
တိုင်းရင်းသားလူမျိုးများပြည်သူလူထုများစွာ လူငယ်များ၏ဗမာစစ်တပ်ကို စစ်ရေး နည်းလမ်းဖြင့် လက်နက်စွဲကိုင် တော်လှန်မှုလည်း ပိုမိုများပြားပြင်းထန်လာခဲ့ကြောင်း၊ ဗမာစစ်တပ်မှအာဏာသိမ်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် သုံးနှစ် ပြည့်တော့မည် ဖြစ်ကြောင်း ဖော်ပြသည်
သံခင်းတမန်ခင်းဆိုင်ရာစစ်ရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာ လူမှုရေးဆိုင်ရာ စသည့်နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်မှုသည် ပိုမိုအားကောင်းလာသည်ဟု အသိပေးသည်။
ဗမာစစ်တပ်သည် အဘက်ဘက်မှကြပ်တည်းယိုယွင်းမှု အခက်အခဲများကို ကြုံတွေ့ခံစားနေရပြီဖြစ်သည်ဟု ဆိုသည်။
တိုင်းပြည်တစ်ဝန်းစစ်ပွဲများပေါ်ပေါက်လာကာ ဗမာစစ်တပ် တပ်သားများအကျအဆုံးများပြားလာပြီး စိတ်ဓာတ်ယိုယွင်း ပျက်စီးကာတော်လှန်ရေးတပ်များထံလက်နက်ချမှုများရှိလာခဲ့ကြောင်း KNU ဥက္ကဌက ပြောသည်။
စစ်ရေးဆိုင်ရာခုခံတိုက်ခိုက်မှုများကိုနှိမ်နင်းရန်အတွက် လူမဆန်သည့် စစ်ဆင်ရေးနည်းလမ်းများကို စစ်ကောင်စီက အသုံးပြုခဲ့ပြီး မည်သည့်စစ်တပ်မဆိုလိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်နေကြောင်း ပြောသည်။
စစ်အာဏာရှင်ကျရှုံးရေးတင်မကဘဲ အာဏာရှင်စနစ်အားလုံးနှင့် လူမျိုးကြီးဝါဒ အမြစ်ဖြတ် ကျရှုံးရေးကို ဦးတည်ထားကြောင်း၊ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အခြားလမ်းစဉ်ရွေးချယ်ထားခြင်းမရှိ၍ ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံးနားလည်ပေးကြပါရန် KNU ဥက္ကဌက ပြောကြားသည်။
လက်ရှိအခြေအနေများကို ကြံ့ကြံ့ခံလျက် အတူတကွ ဆက်လက် ရင်ဆိုင်သွားပြီး တော်လှန်ရေးကြီးတွင် အတူတကွပူးပေါင်းပါဝင် ရန် တိုက်တွန်းဖိတ်ခေါ်ထားသည်။