လွိုင်ကော်နှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။
ဆယ်ရက်ကျော်ကြာ တိုက်ပွဲငြိမ်သက်နေသည့် လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြန်ဖြစ်နေပြီး ၊ဖယ်ခုံမြို့တွင်း၌ လည်း ဇန်နဝါရီ ၈ ရက်ကစ၍ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းတို့က ပြောသည်။
“မနေ့ကတော့ လွိုင်ကော် ဒေါဥခူဆည်မြောင်းပတ်ဝန်းကျင်မှာ လက်နက်ကြီးကျပြီး မီးလောင်တဲ့ နေအိမ်တွေရှိတယ်။ ဒီနေ့ဆိုလည်း ညနေ ၅ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်နေတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ဖယ်ခုံမြို့တိုက်ပွဲတွင်လည်း ဇန်နဝါရီ ၈ ရက်က ရဲစခန်း၊ထွေအုပ်ရုံးများ မီးလောင်ခဲ့ကာ စစ်ကောင်စီတပ်စွဲထားသည့် နေရာအချို့ကို ကရင်နီပူးပေါင်းတပ်များ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
“ဒီနေ့ နေ့လည် ၃နာရီလောက်က လေယာဥ်နဲ့ ဗုံးလာကြဲတယ်။မြို့ထဲမှာ တိုက်ပွဲ ဖြစ်နေတာပေါ့။ တိတိကျကျတော့ ပြောဖို့ခက်နေတယ်”ဟု ဖယ်ခုံ ဒေသခံသတင်းရင်းမြစ်က ပြောသည်။
လက်ရှိ လွိုင်ကော်နှင့် ဖယ်ခုံမြို့ စစ်ရေးအခြေအနေကိုမူ ကရင်နီပူးပေါင်းတပ်က အတည်ပြုပြောဆိုခြင်းနှင့် ထုတ်ပြန်ခြင်းမပြုသေးပေ။
“လေယာဥ်နဲ့ လက်နက်ကြီး ပစ်ကူတအားသုံးနေတယ်။တခြား သိမ်းနိုင်တဲ့ ကိစ္စတွေကတော့ ပါဝင်တိုက်ခိုက်နေကြတဲ့ အဖွဲ့ပေါင်းစုံ ညှိနှိုင်းပြီး ထုတ်ပြန်မှ အတည်ဖြစ်နိုင်မှာပါ”ဟု ကရင်နီပူးပေါင်းတပ်တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
၂၀၂၃ နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီ ပြည်နယ် ၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ရန်အပါအဝင် စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းဖြစ်သည့် မိုးဗြဲ ၊ဖယ်ခုံ မြို့ကိုပါ သိမ်းနိုင်ရန် ကရင်နီတပ်ပေါင်းစုက ကြိုးပမ်းနေပြီး မြေပြင်အချက်အလက်များအရ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်စချုပ်ထားနိုင်ပြီဟု သိရသည်။