ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ မြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများကပြောသည်။
ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေကြောင်းလည်း ဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်သံက မကြားရတော့ဘူး။ မနေ့ညအထိ စစ်တပ်က လက်နက်ကြီးပစ်နေတာ။ ဒီမနက်တော့ ဘာမှ မကြားတော့ဘူး။ ထူးခြားတာက ဝန်ထမ်းတွေ အများကြီးပဲ ထွက်ပြေးသွားကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးမိတ်မြို့နယ်ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ(၂၂၃)မှ တပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားသည့် ဆင့်ကင်(ကျန်ကန်) တပ်စခန်းကို ဇန်နဝါရီ ၅ ရက်တွင် တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က မိုးမိတ်မြို့နှင့် လေးမိုင်ခန့်ဝေးသော မန်ဖွယ်ကျေးရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ညနေပိုင်းတွင် စစ်ကောင်စီတပ်က မိုးမိတ်မြို့ဖက်သို့ ဆုတ်ခွာသွားပြီးနောက် ပစ်ခတ်သံများငြိမ်သက်သွားခြင်းဟု ဒေသခံများကပြောသည်။
“ကလေးတွေ(PDF)တွေက မြို့နားမှာ ရှိနေပြီ။ စစ်ကောင်စီ ဝန်ထမ်းတွေကတော့ ပြေးပြီ။ ဌာနဆိုင်ရာဝန်ထမ်းတွေ မရှိတော့တဲ့အတွက် ဒီလ လစာရပါ့မလားမသိဘူးဆိုပြီး ဝန်ထမ်းငယ်တွေက ဈေးထဲမှာ ပြောသံကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။