ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ရရှိပြီးနောက် ပြုံးပျော်နေသဖြင့် စစ်တပ်က ဒုဗိုလ်မှူးကြီး သက်အောင်၏ ကျန်ရစ်သော မိသားစုကို စစ်ဆေးရန် ဖမ်းဆီးထားကြောင်း ပြင်ဦးလွင် တပ်နယ်သတင်းရင်းမြစ်က ပြောသည်။
ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို TNLA နှင့် မန္တလေး PDF တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်း၊ သံဘိုကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားခဲ့ကြောင်း ၊ စစ်သုံ့ပန်း ဖြစ်သွားခဲ့သော်လည်း ဒုတိယ ဗိုလ်မှူး ကြီး သက်အောင်သည် ပြုံးရွှင်နေခဲ့သဖြင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ဒုတိယဗိုလ်မှူးကြီး သက်အောင် သည် ပြည်သူ့ကာကွယ်ရေး တပ်၏ လက်ထဲသို့ ရောက်ရှိမှ အသက်အန္တရာယ်ကင်းရှင်းပြီဟု စိတ်လက် ပေါ့ပါးသွားသည်ဟု မှတ်ချက်ပြုခဲ့သည်။
“သံဘိုမှာ ဖမ်းဆီးခံရတဲ့ ဒုတိယဗိုလ်မှူးကြီး သက်အောင်က ပြုံးပျော်နေလို့ စစ်တပ်က မသင်္ကာဘူးဆိုပြီး ဒုဗိုလ်မှူးကြီး သက်အောင်ရဲ့ မိသားစုကို ဖမ်းဆီး ထားတယ်။ စစ်ဆေးဖို့ ဖမ်းထားတာလို့ ပြောတယ်။ အခုထက်ထိတော့ မလွတ် သေးဘူး” ဟု ပြင်ဦးလွင် တပ်နယ်သတင်းရင်းမြစ်က ရှင်းပြသည်။
ဒုတိယဗိုလ်မှူးကြီးသက်အောင် အဖမ်းခံရပြီးနောက် စစ်တပ်ထဲတွင် အရာရှိ များနှင့် တပ်မိသားစုများမှာ လင်ယောင်္ကျားများကို အဖမ်းခံရပါက ပျော်ရွှင် မနေကြရန်၊ ကျန်ရစ်သော မိသားစု ဒုက္ခမရောက်စေရေး လုပ်ဆောင်ရန်မှာ ကြားကြ ကြောင်း၊ ထို့ပြင် တပ်မိသားစုများက ပြင်ပသို့ ထွက်၍ နေထိုင်ရန် အကြောင်းအမျိုးမျိုးပြ ကြိုးစားကြပြီး တချို့ တပ်မိသား စုဝင်များမှာလည်း တပ်၏ ခွင့်ပြုချက်မရဘဲ တပ်မှ ထွက်ပြေးကြ ကြေင်း သိရှိရသည်။