တအာင်းပြည်သူအားလုံးက ၁၉၆၃ ခုနှစ်ကစတင်ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ တန်းတူညီမျှမှုတို့အတွက် စစ်အာဏာရှင် စနစ်လက်အောက်က လွတ်မြောက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာ ဒီနေ့မှာ (၆၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
အခုလို ထူးမြတ်တဲ့ အခါသမယမှာ တအာင်းပြည်သူတွေနဲ့တကွ တိုင်းရင်းသားညီနောင်တွေအားလုံး တော်လှန်စိတ်ခွန်အားအပြည့်နဲ့ လျှောက်လှမ်းနေတဲ့ နွေဦးခရီးလမ်းမှာ အောင်ပွဲအလီလီ ဆင်နွှဲနိုင်ကြကာ ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သတယ်လို့ CRPH က ဆိုပါတယ်။
တအာင်းပြည်သူတွေက စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင်သာမက ဒီနေ့နွေဦးတော်လှန်ရေးမှာလည်း တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ကာ အောင်ပွဲများစွာ ရရှိနေတာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးက ပေါ်ပေါက်လာတဲ့ အောင်ပွဲတွေမှာ တအာင်းပြည်သူတွေရဲ့ ရဲစွမ်းသတ္တိ ကိုလည်း အထင်အရှားမြင်တွေ့ရမှာြဖစ်ပါတယ်။
တအာင်းပြည်သူတွေအနေနဲ့ တခြားသော တော်လှန်ရေးအစုအဖွဲ့တွေအားလုံးနဲ့အတူ အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှုတို့နဲ့ တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက် ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြတဲ့အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ဒီသဝဏ်လွှာကနေတစ်ဆင့် ဂုဏ်ပြုဖော်ပြတယ်လို့ CRPH က ဆိုပါတယ်။
မိမိတို့အနေနဲ့ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ တအာင်းသူရဲကောင်းခေါင်းဆောင်ကြီးတွေနဲ့အတူ ဒီနေ့နွေဦးတော်လှန်ရေးမှာလည်း မြင့်မြတ်စွာ အသက်၊ ခန္ဓာရင်းနှီးပေးဆပ်ခဲ့ကြတဲ့ တအာင်းအာဇာနည်သူရဲကောင်း အပေါင်းကို လေးစားစွာ ဦးညွှတ်အလေးပြုကာ စစ်မိစ္ဆာစနစ်ဆိုးလက်အောက်မှာ နှစ်ပေါင်း များစွာ အတူတကွ အဖိနှိပ်ခံခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတစ်ရပ်လုံးနဲ့အတူ လက်ရှိကာလမှာသာမက နောင်အနာဂတ်မှာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင်ကွယ်ပျောက်သွားရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်ယုံကြည်မှုတွေ တည်ဆောက်ခြင်းတို့နဲ့ ကျော်လွှားသွားမှာဖြစ်ကြောင်း ကတိသစ္စာနဲ့ (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။