အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန က ဖော်ဆောင်နေတဲ့ Federal Net ကို မြို့နယ် ၃ မြို့နယ်မှာ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ Federal Net ကမ်ပိန်းကတော့ အများပြည်သူများ အင်တာနက်အသုံးပြုနိုင်ရေး ကြိုးပမ်းချက်ဖြစ်ပါတယ်။ ယခင်ကတည်းကလည်း အင်တာနက်များကို မြို့နယ် ၄၀ ကျော်မှာ အုပ်ချုပ်ရေးယန္တယားလည်ပတ်နိုင်ရေးအတွက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောကြားခဲ့ပါတယ်။
“အင်တာနက်ဖြတ်တောက်ထားတဲ့နေရာတွေမှာ NUGအစိုးရက ချပေးတဲ့ ငွေကြေးနဲ့ ဒီလိုမျိုး တပ်ဆင်ပေးနိုင်ခဲ့တဲ့ အတွက်လဲ အစိုးရ၊ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့တဲ့ နေရာမှာ အင်မတန်ကို ထိရောက်ခဲ့တယ်ဆိုရင် မမှားဘူးလို့တော့ ကျွန်တော်ထင်ပါတယ်”လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ချပေးတဲ့ ဘတ်ဂျက်ငွေ အမေရိကန် ဒေါ်လာ၅သိန်း နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မြို့နယ် ၄၀ကျော်၊ နေရာပေါင်း ၅၁ နေရာမှာ စတင်အသုံးပြုနေပြီ ဖြစ်ပြီး အထူးသဖြင့် စစ်ကိုင်း၊ ကရင်နီ၊ မကွေး စတဲ့ နေရာတွေနဲ့ တချို့ ပြည်နယ်တွေမှာ တပ်ဆင်အသုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး Federal Net ကိုလည်း ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။