အင်အား ၄၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာလို့ သရက်ချောင်းမြို့နယ်၊ ကျောက်ခမောက် တရွာလုံး ထွက်ပြေးနေရပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကျောက်ခမောက်ရွာထဲကို ဒီကနေ့မနက် ၆ နာရီဝန်းကျင်မှာ ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ ရွာခံအမျိုးသားတစ်ဦးကတော့ သေနတ်သံ ခြောက်ချက်ကြား လိုက်ရတယ်လို့ ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ရွာသားတချို့ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တချို့ကို ချက်ချင်းပြန်လွှတ်ပေးခဲ့ပေမယ့် တချို့ကို လမ်းပြအနေနဲ့ ဆက်လက် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူတို့စိတ်တိုင်းကျရွေးပြီး တချို့ကိုပြန် လွှတ်ပေးလိုက်တာ။”လို့ ရွာခံအမျိုးသားက ပြောပါတယ်။
ဖမ်းခေါ်ခံရသူ အရေအတွက်အတိအကျကို မသိရပေမယ့် လမ်းပြအနေနဲ့ဖမ်းခေါ်ခံထားရတဲ့ ရွာခံတွေရဲ့ လုံခြုံရေးအခြေအနေကိုတော့ မိသားစုဝင်တွေနဲ့ ဆွေးမျိုးတွေက စိတ်ပူနေကြတယ်လို့ သူက ဆက်ပြောပါတယ်။
ကျောက်ခမောက်ရွာထဲကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကမြိုင်ရွာကတောင်ပေါ်မှာ မနေ့က တပ်စွဲနေထိုင်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဝင်နေတဲ့ ကျောက်ခမောက်ရွာဟာ ကျွဲမင်းကုန်းကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာဖြစ်ပြီး အဲ့ဒီ ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၅၁၀ စုရှိတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက ဖော်ပြထားပါတယ်။
ကျောက်ခမောက်ရွာနဲ့ ကပ်ရပ်ရှိတဲ့ ရငဲရွာကလည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတာ ဖြစ်ပြီး အနီးအနားရွာတွေမှာလည်း စစ်ကောင်စီရဲ့စစ်ကြောင်းလှုပ်ရှားမှုတွေအပေါ်မူတည်ပြီး မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အဲ့ဒီရွာတွေဟာ စစ်အာဏာမသိမ်းခင်က ဆိုရင် ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ ကျောက်ခမောက်ကမ်းခြေရှိတဲ့ ရွာတွေပဲ ဖြစ်ပါတယ်။