တော်လှန်ရေး ၃ နှစ်အကြိုကာလ နိုင်ငံရေး၊ စစ်ရေးအလှည့်အပြောင်းများသည် ပြည်သူ့ရန်သူ စစ်အာဏာရှင်စနစ်၏ သင်္ချိုင်းတံခါးဝကို ဆွဲဖွင့်လိုက်ပြီဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ (ဇန်နဝါရီ ၁၂ ရက်)ထုတ်ပြန်လိုက်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သဘောထားကို ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေး လက်တွေ့တိုက်ပွဲ၏ ရပ်တည်ချက်နှင့် တိမ်းညွှတ်မှုကို ဘယ်လိုအင်အားစုမျိုး၏ ဘယ်လိုလမ်းလွှဲမှု၊ ဘယ်လိုသွေဖီမှုမျိုးကမှ ကျော်လွန်ရန် မဖြစ်နိုင်ကြောင်းဖော်ပြသည်။
“မိမိတို့ပါတီအနေနဲ့ ထင်မြင်ချက်ပေးရရင် စစ်အာဏာရှင်စနစ်ရဲ့ သွေးရူးသွေးတန်းရုန်းကန်မှုတွေေ၊ စစ်အုပ်စု အသက်ရှု ချောင်ရာချောင်ကြောင်း နည်းနာတွေအားလုံး သက်တမ်းလွန်(expried)ဆေးတွေပါ။ အကြောင်းက ဗမာပြည်မှာ လူမျိုးပေါင်းစုံပြည်သူတွေ တခဲနက်ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်ကြီး ပေါ်ပေါက်ခဲ့ပြီဖြစ်လို့ပါပဲ” ဟု DPNS က ဆိုသည်။
‘၁၀၂၇ စစ်ဆင်ရေး’ဟု အမည်ပေးထားသော မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ အာဏာသိမ်းစစ်ကောင်စီအပေါ် စစ်ရေးထိုးနှက်ချက်သည် နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ပြီး မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင် အမြစ်ဖြတ် သုတ်သင််ရေးကို ဆင်နွှဲမည်ဟု ကြွေးကြော်ပေါ်ပေါက်ခဲ့ကြောင်း DPNS က ဖော်ပြသည်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးကို ကြိုဆိုတုန့်ပြန်အားဖြည့်တိုက်ပွဲဆင်လာသည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီ စသည့်ဒေသများမှ နွေဦးတော်လှန်ရေးအင်အားစုများ၏ စစ််ရေးလှုပ်ရှားများကလည်း စစ်ကောင်စီကို မျက်ဖြူဆိုက်စေခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားလက်နက်ချခဲ့ကြသကဲ့သို့ တပ်တွင်းအကျပ်အတည်းများ မကြုံစဖူး ပေါ်ပေါက်ခဲ့ကာ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို အရေးယူခြင်းမျိုး ဖြစ်ခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံသားပြည်သူများအပေါ် အကြမ်းတမ်းဆုံးသတ်ဖြတ်မှုများ ကျူးလွန်ပြီးချိန်တွင် ၎င်းလုပ်နေကျအတိုင်း ချကျွေးစရာ နိုင်ငံရေးထွက်လမ်းဖြစ်နေပြီး ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထု၊ တော်လှန်ရေးအင်အားစုအသီးသီးနှင့် နိုင်ငံတကာမျက်နှာစာများတွင် အသုံးမဝင်ကြောင်း DPNS က ဖော်ပြသည်။