၁၀၂၇ စစ်ဆင်ရေးကြောင့် ကိုးကန့်ဒေသထဲတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် ” ဝ” ဒေသ နမ့်တစ်မြို့ထဲ မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ကိုးကန့်ထဲကအရပ်သားတွေပြန်ကြဖို့ UWSA ”ဝ” တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်အသိပေးထားတယ်လို့ နမ့်တစ်ဒေသခံတွေဆီကသိရပါတယ်။
အဲဒီစာထဲဖော်ပြချက်အရ ကိုးကန့်ဒေသမှာစစ်ပွဲပြီးဆုံးသွားပြီဖြစ်လို့ ကိုးကန့်ကအရပ်သားတွေ စိတ်ချလက်ချ ပြန်နိုင်ပြီဆိုတာနဲ့ နမ့်တစ်မြို့ အနေနဲ့ ဇန်နဝါရီ ၁၂ ရက်နောက်ပိုင်း မှာ စစ်ဘေးရှောင်တွေကို ဆက်ပြီး လက်ခံတော့မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
” နမ့်တစ်ထဲစစ်ရှောင်နေတဲ့ လောက်ကိုင်က အရပ်သားတွေ မနေ့ကစပြီး လောက်ကိုင်ကိုပြန်နေကြပြီ။ဒီနေ့ဆို ချင်းရွှေဟော်မှာတောင် ကားတန်းရှည်ကြီးဖြစ်နေတယ်” လို့ နမ့်တစ်မြို့အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီအနေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း စစ်ဘေး ရှောင်ပြည်သူတွေကို စားသောက်စရာ၊ နေစရာ၊ လိုအပ်တဲ့ဆေးဝါးတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တယ်လို့ ပြောထားပါတယ်။
တရုတ်ကမကလုပ်ပေးမှုနဲ့ စစ်တပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြား အပစ်ရပ်သဘောတူညီချက်ရရှိခဲ့တဲ့ တတိယအကြိမ် ကူမင်းဆွေးနွေးပွဲဟာ မနေ့ ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ ပြီးစီးခဲ့ပါတယ်။
ရှမ်းမြောက်ဒေသမှာ အပစ်ရပ်သဘောတူညီချက်ရရှိခဲ့တဲ့နောက် ဒီကနေ့ မှာတော့ ”ဝ” တပ်ဖွဲ့ဘက်က အခုစာကိုထုတ်ပြန်လာသလို ရှမ်းမြောက်မှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ တိုက်ပွဲတွေငြိမ်နေတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။