စစ်ကိုင်းတိုင်း မုံရွာခရိုင်နဲ့ ရွှေဘိုခရိုင်ထဲက ကျေးရွာတွေမှာ လူနေအိမ်တွေမှာသာမက စာသင်ကျောင်းတွေအနီး မှာပါ ဗုံးခိုကျင်းတွေ တူးထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ အသုံးပြုကာ လူနေအိမ်တွေ၊ ဘာသာရေး အဆောက်အဦးတွေ သာမက စာသင်ကျောင်းတွေကိုပါ ဗုံးကြဲပစ်ခတ် သတ်ဖြတ်နေလို့ စာသင်ကျောင်းအနီးမှာ ဗုံးခိုကျင်း တူးထားရတာလို့ မုံရွာခရိုင် ကျေးရွာတစ်ရွာက ဒေသခံတွေက ပြောပါတယ်။
“ရွာကလူငယ်တွေ ဝိုင်းလုပ်အားပေးပြီး ကျောင်းသားတွေအတွက် ဗုံးခိုကျင်း တူးထားကြတာ” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
ကျောင်းတက်နေချိန် လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ပြေးဝင်ကြဖို့လည်း ဆရာတွေက ကျောင်းသား ကလေးငယ်တွေကို သင်ကြားထားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ၂၀၂၂ စက်တင်ဘာ(၁၆)ရက်က ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်ခဲ့ရာ မူလတန်း ကျောင်းသားကျောင်းသူနဲ့ ဒေသခံပြည်သူ (၁၂)ဦး သေဆုံးခဲ့ပါတယ်။
ယခု ဇန်နဝါရီ(၇)ရက်မှာလည်း တမူးမြို့နယ်၊ ကနန်ကျေးရွာ စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ နေအိမ်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ရာ အသက် ငါးနှစ်နဲ့ (၁၇)နှစ်ကြားအရွယ် ကလေးသူငယ် ကိုးဦး အပါအဝင် ဒေသခံ(၁၇)ဦး သေဆုံးပြီး ဒဏ်ရာရသူ (၁၉)ဦး ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
NUG က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဒီဇင်ဘာ(၃၁)ရက်အထိ နိုင်ငံတဝန်း စစ်အုပ်စုက လေကြောင်းအသုံးပြုကာ အပြစ်မဲ့ ပြည်သူတွေ ရှိရာ ရပ်ရွာတွေကို ဗုံးကြဲပစ်ခတ် သတ်ဖြတ်မှု (၅၈၃)ကြိမ် ကျူးလွန်ခဲ့ပြီး ဒေသခံ အရပ်သားပြည်သူ (၈၉၇)ဦး သေဆုံးကာ ဘာသာရေး အဆောက်အဦး (၇၆)ခုနဲ့ စာသင်ကျောင်း (၅၂)ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။