မကွေးတိုင်း၊ အောင်လံမြို့မှာ ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောင်လံမြို့မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ မြို့ပတ်လမ်းဖွင့်ပွဲကို မကွေးတိုင်းစစ်ကောင်စီ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်လာပြီး ၎င်းဝန်ကြီးချုပ်ယာဥ်တန်းရောက်ရှိလာပြီးနောက် တရုတ်ကုန်းရပ်ကွက်၊ လဝကရုံးအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
” ဖွင့်ပွဲလုပ်နေတဲ့အချိန် မြို့ပတ်လမ်းဘေး ပျားဂေဟာအရှေ့ဘက်နားလောက်က ပေါက်ကွဲသံက အကျယ်ကြီးထွက်လာတယ်။ ဝန်းကြီးချုပ်ဆိုသူလည်း တက်သုတ်ရိုက်ပြန်သွားတယ်”လို့ အောင်လံမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
မိုင်းပေါက်ကွဲတာကြောင့် လမ်းဖွင့်ပွဲပျက်သွားခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ အဆိုပါမြို့ခံက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မြို့ပတ်လမ်းဝန်းကျင်ရှိအမှိုက်ပုံပါမကျန် ရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်သလို အောင်လံမြို့တွင်းမှာလည်း ပိတ်ဆို့ရှာဖွေတာတွေလုပ်ဆောင်တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲတာကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တခုက လုပ်ဆောင်ခဲ့တာလို့သိရပြီး အဲ့ဒီအဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။