“ဝ”ပြည် သွေးစည်ညီညွတ်ရေးပါတီ (UWSP/UWSA)အား ဟိုပန်နှင့် ပန်လုံဒေသကို လွှဲပြောင်းပေးအပ်ရန် အာဏာသိမ်းစစ်ကောင်စီက သဘောတူခဲ့ခြင်းဖြစ်ဟု UWSA၏ သတင်းဌာန WSTVက ယနေ့ ညပိုင်း၌ ထုတ်ပြန်သည်။
“ဝ”ပြည်နယ် ပြည်သူအစိုးရမှ နှစ်ပေါင်းများစွာ ပြည်ထောင်စုအစိုးရထံသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်၂၀၂၄ ဇန်နဝါရီ ၄ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဟိုပန် ၊ပန်လုံဒေသအား “ဝ”ပြည်နယ်အစိုးရထံသို့ လွှဲပြောင်း ပေးအပ်ရန် သဘောတူခဲ့သည်”ဟု WSTV က ယနေ့ညတွင် ဖော်ပြသည်။
အဆိုပါ ဟိုပန်နှင် ပန်လုံဒေသကို ညီနောင် မဟာမိတ်တပ်ဖွဲ့ များက ဦးစွာတိုက်ခိုက်ခဲ့ပြီး နောက် UWSA တပ်များ ဝင်ရောက်နေရာယူကာ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
“ဝ”ပြည်သွေးစည်းညီညွှတ်ရေးပါတီ ဗဟိုကော်မတီ၊ “ဝ”ပြည်နယ် ပြည်သူ့အစိုးရ၏ ဆုံးဖြတ်ချက်အရ ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက် တွင် မိုင်းမောခရိုင်အတွင်းရေးမှူး၊ ဗဟိုကော်မတီ အရံကော်မတီဝင်ဦးရှောက်ဆိုင်ပေါင်းနှင့် “ဝ”ပြည်နယ် နိုင်ငံရေး အတိုင်ပင်ခံဌာန ဥက္ကဌ ဦးကျောက်အိုက်တောင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် “ဝ”ပြည်နယ် ပြည်သူ့အစိုးရ ကိုယ်စား ဟိုပန်၊ ပန်လုံဒေသသို့ သွားရောက်ပြီး လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်ဟု WSTV က ဖော်ပြသည်။
အဆိုပါဒေသကို အဘက်ဘက်နှင့်ညှိနှိုင်းပြီး ဝင်ရောက် ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၌ မည် သည့် ဘက်မှ လိုက်မည်မဟုတ်ဟု UWSA ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူ ဦးညီရန်းက ပြောကြားထားသည်။