မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးကာ ပြည်သူ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီမှ ည ၉ နာရီအထိ သထုံမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၀၂ အမြှောက်တပ်ရင်းက လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ဆူးအင်းရွာအတွင်း ၂ လုံး ရွာပြင်တွင် ၃ လုံးကျရောက် ပေါက်ကွဲခဲ့သောကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၅ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ အမတ-၄၀၂ တပ်ရင်း စခန်းက လက်နက်ကြီး ၄ လုံးထပ်မံ ပစ်ခတ်ခဲ့ရာ ကော့လှိုင်းရွာလေးကုန်းထဲကို လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သောကြောင့် စောရွှေလှဝင်းနှင့် စောမောင်ကျန်ရစ်တို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်စခန်းများမှ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများကြောင့် ကျုံမိန်နှင့် ကော့လှိုင်းရွာလေးကုန်း ကျေးရွာများရှိ ပြည်သူ ၃၈၂ ဦးသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၈ နာရီ ၂၅ မိနစ်ခန့်ကလည်း အမတ-၂၀၆ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း အမတ-၄၀၂ တပ်ရင်းနှင့် အမတ-၄၀၄ တပ်ရင်း တပ်စခန်းတို့က လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။