စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ညောင်ပင်ဝန်းရဲစခန်းနှင့် ရွာများ ဖျက်ဆီးနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း Black Eagle Defense Force-MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ညောင်ပင်ဝန်းရဲစခန်းရှေ့နှင့် ရဲစခန်းဝန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ရာ စစ်သား ၂ ဦးနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း ၊ အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ ညောင်ပင်ဝန်းရဲစခန်းမှ စစ်ကိုင်းမြို့နယ် ပေါက်ကားရွာကို စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်း ညောင်ပင်ဝန်းစခန်းသို့ ပြန်လာစဉ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ညောင်ပင်ဝန်းရဲစခန်း ကိုပါ ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ညောင်ပင်ဝန်းစခန်းနဲ့ သူတို့ စစ်ကြောင်း ခေတ္တနားရာနေရာကို ဒရုန်းနဲ့ ဗုံး ၄ လုံးချ တိုက် ခိုက်ခဲ့ပါတယ်။ အထိအခိုက် အသေ အပျောက်ကို စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု Black Eagle Defense Force-MMU တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ စစ်ဆင်ရေးများကို မြင်းမူမြို့နယ် ပ.က.ဖ ၊ Black Eagle Defense Force-MMU တပ်ဖွဲ့ ၊ GTR Drone တပ်ဖွဲ့၊ Young Wolf drone တပ်ဖွဲ့ နှင့် မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (မြင်းမူမြို့နယ် ပကဖ) တို့မှ ဒရုန်းစစ်ဆင်ရေး ပူးပေါင်းဖော် ဆောင်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။