ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ် သင်တန်းတက်ရန် လူစုနေသည့် အကြမ်းဖက် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာနှင့် ဆင်တဲကုန်းကျေးရွာတို့မှ ပြည်သူများကို ပြည်သူ့စစ် သင်တန်းတက်ရန် လူစုနေသည့် အကြမ်းဖက် စစ်တပ်သားများကို ကမ်းနီရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA (GBK-PDF) ရဲဘော်များက ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝရုန်းသုန်းကား ဖြစ်နေစဥ် တော်လှန်ရေး ရဲဘော်များက ပြည်သူ ၃၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများနှင့် အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁ နာရီခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရကာ စစ်သားများ ထိခိုက်သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က လူစုနေစဥ် ပြည်သူ့စစ် သင်တန်း မတက်လို၍ ထွက်ပြေးသည့် ပြည်သူ ၂ ဦးကိုလည်း စစ်သားများက ပစ်သတ်ခဲ့ပြီး ရွာကို PDF ရွာဟု သတ်မှတ်ပြီး မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။
“ပြည်သူ ၂ ဦးက ပြည်သူ့စစ် သင်တန်းမတက်ချင်လို့ ထွက်ပြေးတာကို နောက်ကသေနတ်နဲ့ လိုက်ပစ်ပြီး ပစ်သတ်သွားတယ်။ ပြည်သူ့စစ် သင်တန်းမတက်ရင် PDF ရွာဆိုပြီး မီးရှို့မယ်ပြောတယ်။ အခုရွာလုံးကျွတ် ပြေးသူကပြေးနဲ့ အခြေအနေ တော်တော်ဆိုးနေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။