စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ဒေသခံရွာသူရွာသား ၅ ဦး ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်လာပြီး အလင်းဝင်ခိုလှုံလာတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ အမျိုးသမီး ၂ ဦး အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦး ထွက်ပြေးလွတ်မြောက်လာကာ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံခွင့် တောင်းခံလာတယ်လို့ ဆိုပါတယ်။
” စားဝတ်နေရေး အဆင်မပြေတာကြောင့် ထွက်ပြေးလာကြတာများတယ်။ တတ်နိုင်သမျှ ထောက်ပံ့ပြီးတော့ နေရာထိုင်ခင်း ကူညီပေးထားတယ်” လို့ ပုလဲပအဖတာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။
ပျူရွာမှ အလင်းဝင်လာသူ ၅ ဦးကို စစ်ဆေးမေးမြန်းပြီး အေးချမ်းစွာနေထိုင်ဖို့ စစ်ကောင်စီ၊ ပျူစောထီး၊ သူလျှိုဒလန်တွေနဲ့ ပတ်သက်ဆက်သွယ်ခြင်းမပြုဖို့၊ နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုကို ထိခိုက်စေတဲ့ အပြောအဆို၊ အပြုအမူလုပ်ရပ်များ မပြုလုပ်ဖို့၊ ပြုလုပ်ပါက ပြင်းထန်တဲ့ အပြစ်ပေးအရေးယူခံရမယ်ဆိုတာကို ခံဝန်ကတိ လက်မှတ်ရေးထိုးရတယ်လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီလို ခံဝန်ကတိရေးထိုးတဲ့ ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မိုးကာ ၃ ချပ်နဲ့ ငွေ ၁၀၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့ပြီး လုံခြုံတဲ့နေရာမှာ နေရာထိုင်ခင်း လုပ်ပေးထားတယ်လို့ သိရပါတယ်။