မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် လူမှုကူညီရေးအသင်းယာဉ်ဖြင့်လာသော စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force အဖွဲ့၏ ဒုရင်းမှူး ကိုလင်းလတ်က ပြောသည်။
ဇန်နဝါရီ ၁၂ရက် မွန်းတည့် ၁၂နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ၅ ဦးခန့်သည် စစ်ကောင်စီ တပ်သားအချို့နှင့် အတူ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြင်းခြံမြို့ပေါ်မှပြန်လာခဲ့သည်။ ထို့နောက် အဆိုပါယာဉ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုလင်းလတ်က ပြောသည်။
“ကျွန်တော်တို့ဘက်က လက်နက်ငယ်နဲ့ ဆီးပစ်တာ။ ကားကလုံးဝရပ်သွားတယ်။ သူတို့ဘက်ကလည်း ကားပေါ်ကဆင်းပြီး ပြန်ပစ်တယ်။ အချိန်ကဆယ်မိနစ်လောက်ပဲ။ ၄၀မမ တွေနဲ့၃ချက်ပြန်ပစ်လို့ဆုတ်လာတာ။”ဟု ကိုလင်းလတ်က ပြောသည်။
တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ ပျူစောထီးနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး သေဆုံးမှုရှိ၊မရှိ မသိရသေးကြောင်း NDRF အဖွဲ့က ပြောသည်။
“နှစ်ယောက်က ဗိုက်ထိတယ်။ ပြည်သူတွေဆီကနေ သဘက်နှစ်ထည်တောင်းပြီး စည်းသွားတယ်။ လေးရွာဆုံရွာက ပျူခေါင်းဆောင် ညွှန့်ဌေးက ခေါင်းကိုရှပ်ထိ သွားတယ်။ ချုပ်လိုက်ရတယ်။ နောက်ပြီး မောင်ဦးဆိုတဲ့ကောင်က မနေ့ကကြောက်ကြောက်လန့်လန့်ဖြစ်ပြီး သေနတ်တောင် မကိုင်ရဲတော့ဘဲ ဆေးပါထိုးလိုက်ရတယ်ပြောတယ်။”ဟု NDRF အဖွဲ့၏ ဒုရင်းမှူးက ပြောသည်။
တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် တပ်ကူခေါ်ပြီး အရေးပေါ်ယာဥ်များဖြင့် မြင်းခြံမြို့သို့ ပြန်ထွက်သွားကြောင်း သိရသည်။