ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသူတချို့ နေရပ်ပြန်သွားကြပေမယ့် စစ်ဘေးရှောင် စခန်းတွေမှာသာ ဆက်လက်နေထိုင်နေသူတွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်များကို ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ နမ္မတူမြို့နယ်မှ စစ်ရှောင်အများစုက နေရပ်ပြန်သွားကြပေမယ့် သိန္နီမြို့နယ်မှ စစ်ရှောင်ပြည်သူတွေကတော့ နေအိမ် ဗုံးကြဲခံရတာတွေကြောင့် ပျက်စီးမှုတွေရှိလို့ အိမ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။
“အခု ဒီမှာ စခန်း ၅ ခုပေါင်းရင် ၁၅၀၀ လောက်ရှိတယ်၊ အရင်က စားရေရိက္ခာနဲ့ဆေးဝါး ထောက်ပံ့မှုတွေရှိပေမယ့် အခုတစ်ပါတ်အတွင်း ဘာမှမရှိတေ့ဘူး၊ ဆေးဘက်ကလည်း အရင်ကလို မလာတော့ဘူး၊ ဒီမှာ တစ်ရက်ကို လူ ၁၀၀ ရှိတဲ့ စခန်းဆိုရင် ၂ သိန်း ၃ သိန်းအနည်းဆုံးကုန်တယ်၊ အထောက်အပံ့ တွေ လိုနေတယ်” လို့ လားရှိုးစစ်ဘေးရှောင်များကို ကူညီနေတဲ့ ဆရာတော် စဝ်ဆုဓမ္မ က မိန့်ကြားပါတယ်။
အိပ်ယာ၊ စောင်၊ အနွေးထည်လိုအပ်ချက်ကို နေထွက်လာရင် နေစာလှုံနေကြရတာဖြစ်လို့ လိုအပ်ချက်တွေအများအပြားရှိနေတာ အကူအညီတွေ လိုနေဆဲလို့ ဆရာတော်(စဝ်ဆု)က ဆက်လက်မိန့်ကြားပါတယ်။
လက်ရှိ လားရှိုးမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ မန်ဆူကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၈၀၀၊ ကန်မိုင်း ကျောင်း ၄၂၀ဦး၊ရိပ်သာကျောင်းတွင် ၁၅၀ ဦး၊ မန်ကောင်းကျောင်း ၄၅ ဦး၊ ရွှေကျောက်ဂူကျောင်း ၃၀ ဦးနဲ့ တောရကျောင်းတွင် ၂၀ ဦးတို့ ရှိနေကာ စုစုပေါင်း ၁၄၆၅ ဦးရှိပြီး အားလုံးမှ သိန္နီမြို့နယ်အတွင်းက စစ်ဘေးရှောင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
နမ့်ခမ်း စစ်ဘေးရှောင်များကို ကူညီပေးနေတဲ့ ဆရာတော်(ဦးနန္ဒဝံသ)ကတော့ အားလုံးနေရပ်ပြန်သွားကြပေမယ့် အိမ်အများစုမှာ ဗုံးဒဏ်များအပြင် ဖျက်ဆီးယူငင်မှုတွေ အများအပြားရှိခဲ့လို့ ပြန်ထူထောင်ဖို့ အလွန်ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ပြည်သူလူထု အိမ်တွေ ထိခိုက်တာ များတယ်၊ များတယ်ဆိုတာက စစ်သားတွေက ပြည်သူလူထုအိမ်တွေပဲလိုက်နေကြတာ၊ နောင်တိုင်းရွာဆိုရင် အိမ်တွေမှာပဲနေကြတာ၊ အိမ်တွေကိုဖွင့်ပေးခိုင်းတာ ဖွင့်မပေးရင် ဖျက်ဝင်တာ၊ အဲတာ ပြည်သူတွေက တအားကြောက်သွားတာ” လို့ ပြောပါတယ်။
နမ့်ခမ်းဒေသခံအများဆုံးက တရုတ်နိုင်ငံဘက်နဲ့ အနီးဝန်းကျင်တစ်ဝိုက်ကိုသာ စစ်ရှောင်ခဲ့ကြပြီး ပြန်လာသူများတွင် အနီးဝန်းကျင်ရှောင်သူများက ပြန်လာခဲ့ကြပေမယ့် တရုတ်နိုင်ငံဘက်ရှောင်ကြသူအများစုက ပြန်မလာကြသေးဘူး လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူများဟာ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တွေဖြစ်သည့် ကွန်ဟိန်း၊ ကာလိ၊ တောင်ကြီး၊ ဟိုပုံး၊ နမ်စန်၊ မိုးနဲ၊ ကျိုင်းတောင်း၊ မိုင်းပန် မြို့တွေကို ရောက်လာတာ ဦးရေ ၉၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်သူတွေဟာ ယခင်က ငွေကြေးချမ်းသာကြပေမယ့် စစ်ဘေးရှောင်ပြီးနောက် ဈေးရောင်းခြင်း၊ ခြံအငှားလုပ်ခြင်း၊ အိမ်အကူလုပ်တာတွေစတဲ့ ကြုံရာအလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။