စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းက ရေဦးမြို့နယ် အနောက်ခြမ်းသို့ပါ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ယနေ့ (ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက ရေဦးမြို့မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သည်။
ထို့ကြောင့် ရေဦးနယ်အနောက်ခြမ်းရှိ ငြုတ္တုံ၊ မုတ်စီ၊ ပြည်တော်၊ မူးဆုံ၊ ရွာမိဿာ၊ အောင်သာ၊ ပျော်ဘွယ်၊ မစိုးရိမ် စသည့် ကျေးရွာ ၈ ရွာထက် မနည်းမှ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
“ရွှေဘိုလေ့ကျင့်ရေး(၈)တပ်ထဲကို လက်နက်ခဲယမ်းတွေသယ်ဆောင်ပြီး ရေဦးကိုပြန်ဝင်လာတဲ့စစ်ကြောင်းပါ။ စစ်ရှောင်ပြည်သူပေါင်း ၃ထောင်ကျော်ထွက်ပြေးနေကြရတယ်။”ဟု ကိုထူးခန့်ဇော်က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၁၁)နှင့် ခြေမြန်တပ်ရင်း (ခမရ-၇၀၈)မှ ဖြစ်သည်။ ယင်းစစ်ကြောင်းက ဇန်နဝါရီ ၃ရက်မှ ၁၂ရက်အထိ ခင်ဦးအနောက်ခြမ်းကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ လေးဦး သတ်ဖြတ်သွားခဲ့သည်။
လက်ရှိတွင် ရေဦးမြို့နယ်၊ အောင်သာရွာ၌ ဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိသည်။