ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ စစ်ကောင်စီ၏ သိုင်းငင်းတပ်စခန်းကို ယနေ့(ဇန်နဝါရီ ၁၆ရက်) နံနက် ၆နာရီတွင် သိမ်းနိုင်ခဲ့ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM စီးယင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
CDF -CDM (စီးယင်း)၊ ချင်းအမျိုးသားတပ်မတော်(CNA)နှင့် အခြားကာကွယ်ရေးတပ်များ ပူးပေါင်း၍ ကလေး – ဟားခါးလမ်းပိုင်းရှိ သိုင်းငင်း စစ်စခန်းကို ဇန်နဝါရီ ၁၂ရက်ညပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ရက်မြောက်တွင် စခန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
“သိမ်းရတာက မနက် ၆နာရီ ဝန်းကျင်ပါ။ သောကြာညနေ ၅နာရီက စတိုက်တာ”ဟု CDF CDM စီးယင်း တာဝန်ရှိသူက ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိသည်ဟု အသိပေးသည်။
“ဓါတ်ပုံရယ် ၊ အမျိုးအစားရယ်၊ အရေအတွက်က အတည်မပြုနိုင်သေးလို့ပါ”ဟု ၎င်းက ပြောပြသည်။
သိုင်းငင်းစခန်းသိမ်းတိုက်ပွဲကို CDF CDM-Siyin၊ CNA၊ CDF-Hakha CDF – Thantlang၊ CDF – Hualngo၊ CDF- Zanngiat၊CDF Tonzang၊ PDA၊ CDF-KKGတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ဟု အသိပေးသည်။
သိုင်းငင်းစခန်း စတင်တိုက်ခိုက်ပြီး နောက် ဇန်နဝါရီ ၁၃ရက်ကတည်းက စခန်းအတွင်း ဝင်ရောက်နိုင်သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်နေ၍ စခန်းအပြီးမသိမ်းနိုင်ဘဲ တိုက်ပွဲ ၅ရက်ထိကြာခဲ့ခြင်းဖြစ်သည်။
“လေကြောင်း နဲ့ ကလေးကနေ လက်နက်ကြီး တအားသုံးနေတယ်ဆက်တိုက်ပဲ”ဟု CNA ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။
ထိုသို့ ပစ်ကူပေးတိုက်ခိုက်နေသော်လည်း ဆုတ်ခွာခြင်းမပြုဘဲ ဆက်လက်တိုက်ခိုက်ခဲ့ပြီး စခန်း ရအောင်တိုက်မည်ဟု ဇန်နဝါရီ ၁၄ရက် က တည်းက အသိပေးခဲ့သည်။
“မဆုတ်ဘူး။ စခန်းအပြီးသိမ်းဖို့ပြင်ဆင်ပြီးသားမို့ ဘယ်တော့မှ လက်လွှတ်မခံဘူးခင်ဗျ”ဟု ဆလိုင်းထက်နီက ပြောခဲ့ပြီး စခန်းရအောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ခိုက်မှုအတွင်း ချင်းပူးပေါင်းတပ်က ရဲဘော်အချို့ကျဆုံးထိခိုက်မှု ရှိသကဲ့သို့ စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်ရှိခဲ့သည်။