ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ် တွင် ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများကြဲချဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။
“မနက် ၅နာရီကနေ စချတာ။ အခုထိ ၆ လုံးရှိပါပြီ။ အိမ်တွေ မီးလောင်တာ ရှိပါတယ်။ ဘယ်သူမှ အပြင်မထွက်ရဲလို့ ဘာတွေ ထိခိုက်ထားလဲဆိုတာ မသိပါ” ဟု မင်းပြားမြို့ခံတဦးကပြောသည်။
စစ်တပ်ဗုံးကြဲမှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိ၊မရှိ ကို People’s Spring က စုံစမ်းနေဆဲဖြစ်သည်။မင်းပြားမြို့တွင် တိုက်ပွဲများကြောင့်ပြည်သူအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပြည်သူအနည်းငယ်သာ မြိုြပေါ်တွင်ကျန်ရှိကြောင်းသိရသည်။
ရက္ခိုင့်တပ်တော် AA ဇန်နဝါရီလ ၁၀ရက်မှစ၍ မင်းပြားမြို့ အခြေစိုက် ခမရ (၃၇၉)၊ ခမရ (၃၈၀)၊ ခမရ(၅၄၁) တို့ကို တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်ကောင်စီက မင်းပြားမြို့ပေါ်သို့ လေကြောင်းရော၊ လက်နက်ကြီးပါအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်တွင် ပေါင် ၅၀၀ ဗုံးများပါ ကြဲချတိုက်ခိုက်နေခြင်းဟု သတင်းရရှိသည်။
“စစ်ရေးနဲ့မဆိုင်တဲ့နေရာကို လေကြောင်းအဆမတန်သုံးပြီး ပစ်နေပါတယ်” ဟု AA နှင့် နီးစပ်သည့် သတင်းမြစ် တစ်ဦးကလည်းပြောသည်။
ယနေ့မနက် ဗုံးကြဲမှုကြောင့် မင်းပြားမြို့ အပိုင်း (၁ )ဈေးဟောင်းပိုင်း၊ ရွှေပြည်တန်ဆိပ် ကမ်း၊မင်းဘာကြီးရပ်ကွက် တို့မှနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
ရက္ခိုင်တပ်တော် (AA) က ပလက်ဝဒေသတစ်ခုလုံး ဇန်နဝါရီ ၁၄ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ၊ ရခိုင်ပြည်နယ်ရှိ စစ်တပ်စခန်းနှင့် ဗျူဟာကုန်းများကိို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် စစ်ကောင်စီက မင်းပြားမြို့ကို ပေါင်း ၅၀၀ ဗုံးကြဲချခြင်းဖြစ်သည်၊