ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝမ္မသူးကျေးရွာကို ယမန်နေ့ ဇန်နဝါရီလ (၁၅) ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ အသက် (၇၂) နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂)က ဝမ္မသူးကျေးရွာကို အတွဲလိုက်ဗုံး (၄)လုံး၊ ပွိုင့်ဖိုက်တို့ဖြစ် လေကြောင်းကနေ တိုက်ခိုက်မှု လုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့သလို အသက် (၇၂) အရွယ်အဖွားအို တစ်ဦး သေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေး (မင်းတပ်) ကထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းကနေတိုက်ခိုက်တာ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတွေ ပြောဆိုချက်အရသိရပါတယ်။