ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြောင်းနှင့် ဓာတ်မြေသြဇာတင် ကားများကို စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်တွေက ငွေအတောင်းကြမ်းနေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။
ရပ်စောက်၊ အင်းလေးဝန်းကျင်နဲ့ ပင်လောင်း က ပြောင်းနှင့် မြေဆီ ခေါ် ဓာတ်မြေသြဇာတင်ကားများကို ယခင်ကထက် ငွေတောင်းကြမ်းလာတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“တောင်းတာကတော့ ဂိတ်တိုင်းတောင်းတယ်၊ မပေးရင် ဖြတ်မရတဲ့အပြင် ရစ်တယ်၊ အရင်က မြေဆီ တစ်အိတ်ကို ငါးရာ ပဲပေးရတာ၊ ခုရက်ပိုင်းမှာ တစ်ထောင်ထိ တိုးတောင်းလာတယ်၊ ကားတစ်စီးကို အိတ် သုံးလေးရာ တင်တော့ တစ်ဂိတ်ကို သုံးလေးသိန်းပဲ၊ တစ်ခေါက် တစ်ခေါက်ကို သိန်း ၃၀ လောက် ဂိတ်ဖိုးပေးရတာ၊ လုံခြုံရေးအကြောင်းပြတာ၊ အဓိက ငွေရှာတာပဲ၊ ဆန်တောင် ဖယ်ခုံဖက် ကန့်သတ်ထားတော့ ဆန်ဆိုပေးရတယ်” လို့ သူက ပြောပါတယ်။
ဂိတ်များအနေနဲ့ လွိုင်ကော်လမ်းခွဲဂိတ်၊ နောင်တယားနဲ့ ဘီလူးချောင်းတံတားဂိတ်တွေမှာ တပ်မှ အရာရှိဦးစီး PNO ပူးပေါင်းအဖွဲ့များက လုံခြုံရေး အကြောင်းပြ ငွေတောင်းနေတာလို့ ဆိုပါတယ်။
ညောင်ရွှေမြို့နယ်ထဲက အင်းလေးဝန်းကျင်နဲ့ပင်လောင်းဖက်က ဂိတ်တွေမှာလည်း ခရီးသွားပြည်သူများအပေါ် အစစ်ဆေးကြမ်းနေတာသာမက ပြောင်းကားဆို ၇ သိန်းလောက်နဲ့ အခြားကုန်တွေကိုလည်း တန်ဖိုးအလိုက် ပေးနေရတယ်လို့ သိရပါတယ်။
မှော်ဘီဂိတ်၊ ပေါင်းပိုင်းဂိတ်များတွင် ဈေးပတ်ကားကအစ ဂိတ်ကို ဝါးလုံးနဲ့တားပြီး မနက် ၆ နာရီ မှ ဖွင့်ပေးတာ၊ ဖြတ်ချင်ရင်ဘယ်လောက် ပေးဆိုတာမျိုးအထိ လုပ်နေတယ်လို့သိရပါတယ်။
ယင်းလမ်းတွေပေါ်တွင် အီတန် ခေါ် အကြီးစားထော်လာဂျီများ လိုင်စင်မဲ့ကားများဖြင့် ကုန်များ တင်ဆောင်သွားလာနေသည့် အတွက် စစ်ဆေးရေးဂိတ်တွေက အကြောင်းအမျိုးမျိုးပြ လုပ်စားလို့ကောင်းနေတယ်လို့ သိရှိရပါတယ်။