မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့ အမှတ် (၂) နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်း အနီးတစ်ဝိုက် မိုင်းပေါက်ကွဲခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ညနေ ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်ဆက်တည်း သေနတ် ပစ်ခတ်သံ များလည်း ကြားရတယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
“ဆက်တိုက် အတန်းလိုက် ကွဲသလိုမျိုးမီးပွင့်တောင် မြင်ရတယ်။ မိနစ်တောင်မခြားဘူး စက္ကန့်အတွင်း တစ်ရပ်စက်ပေါက်ကွဲတာ။ အဲနားက အမှတ် ၂ နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်းဘဲရှိတယ်လေ”လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် (၂)ရဲစခန်းနဲ့ ခရိုင်ရဲစခန်းနေရာတစ်ဝိုက်ဖြစ်ပေမယ့် ထိခိုက်မှုရှိ မရှိကိုတော့ အသေးစိတ်မသိရသေးပါဘူး။
ဒီပေါက်ကွဲမှုဟာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူ တစ်ချို့သုံးသပ် ပြောဆိုနေကြပေမယ့် လက်နက်အကြောင်း သိနားလည်တဲ့ နောက်ထပ်မြို့ခံတစ်ဦးပြောတာကတော့ ပဒေသာမိုင်းထောင် ပြီး ဖောက်ခွဲတဲ့ ပုံစံမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ဒါက ထောင်ပြီးအဝေးထိန်းခလုတ်နဲ့ဖောက်ခွဲတဲ့ပုံစံဘဲ။ လက်နက်ကြီးဆို အသံက အဲလိုမဟုတ်ဘူး။ ခုဟာက တစ်ဆက်တည်းပေါက်ကွဲတာ”လို့ ရမ်ပူရပ်ကွက်မှာနေထိုင်သူ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီတပ် လက်အောက်ခံ ရဲစခန်းနဲ့ထွေအုပ်ရုံးတွေ မကြာခနပစ်ခတ်ခံရတာတွေရှိခဲ့သလို ရမ်ပူရပ်ကွက်မှာရှိတဲ့ အမှတ် ၂ ရဲစခန်းကလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ တစ်ကြိမ်ပစ်ခတ်ခံရတာ ရှိခဲ့ပါတယ်။