မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း G.O.D မြို့ပြ ပြောက်ကျား အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ခဲ့ပြီး စခန်းအနောက်ဘက်ခြမ်းရှိ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Gods Of Death (G.O.D) မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့နှင့် Yangon Eagles တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။