ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်သာမက အရပ်သားပစ်မှတ်တွေကိုပါ ရန်သူသဖွယ် ဆက်လက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ က ပြောပါတယ်။
မနေ့ည ရက် ၈၀ မြောက် ၁၀၂၇ စစ်ဆင်ရေးအခြေအနေကို ထုတ်ပြန်ရာမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က အဲ့ဒီလို အသိပေးထားတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ရယူထားတဲ့ ရှမ်းမြောက်နယ်မြေတွေမှာ လတ်တလောစစ်ရေးအခြေအနေအရ စစ်ကောင်စီနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲတွေ မဖြစ်ပွားပေမယ့် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနဲ့ မြို့ ၊ ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကတော့ ထူးမခြားနား ဆက်လက်ရှိနေတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ဖြူရောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အထက်ညောင်ကုန်းကျေးရွာနဲ့ ကုန်စံကျေးရွာကြားကို လက်နက်ကြီးနဲ့ (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ထို့အတူ လားရှိးမြိုနယ်ရှိ စစ်ကောင်စီတပ်ကလည်း နံနက် (၇) နာရီ (၄၀) မိနစ်အချိန်ခန့်မှာ တအာင်းတပ်မတော် (TNLA) ရှိရာ နမ့်ကွန်ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ (၄) ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို ထောက်ပို့လေယာဉ်နဲ့ လက်နက်ခဲ့ယမ်း လူအင်အား ၁ ကြိမ် လာရောက်ဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ခတ်ရပ်မယ်လို့ သဘောတူ လက်မှတ်ထိုးခဲ့ကြပေမယ့် စစ်ကောင်စီဟာ နေ့တိုင်းလိုလို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ်တိုးပွားလာနေဆဲဖြစ်ပါတယ်။