မကွေးတိုင်း၊ ပခုက္ကူမြို့သို့ တပ်ထောက်ခံပွဲသွားခဲ့သည့် အနောက်ဘုန်းကန်ပျူစောထီးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One-Pku၏ ခေါင်းဆောင် ဗိုလ် မြွေဟောက်က ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၁၄ ရက်)နံနက်ပိုင်းက ပခုက္ကူမြို့၌ စစ်ကောင်စီတပ်၏ အစီအစဥ်ဖြင့် မဘသများနှင့် စစ်တပ်ထောက်ခံသူပျူစောထီးများက ဘာသာရေးကိုခုတုံးလုပ်ပြီး ကိုးကန့် တပ်မတော် (MNDAA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၊ PDFနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကို ကန့်ကွက်ကြောင်း ဟန်ပြ ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ အနောက်ဘုန်းကန်ပျူရွာမှ ပျူစောထီးများလည်း သွားရောက်ပါဝင်ခဲ့ပြီး ၎င်းတို့ရွာပြန်အရောက် ညနေ ၅ နာရီခန့်တွင် ရော့ကတ် ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One-Pku ၏ ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောသည်။
“စစ်တပ်ကတော့လာမခေါ်ပါဘူး။ သူတို့အစီအစဉ်နဲ့သူတို့ သွားရတာပါ။ အင်အားကတော့ပခုက္ကမြို့နယ်ထဲက ပျူရွာအကုန်လုံးလာရမယ်လို့ စကစကညွှန်ကြားထားတယ်လို့သိရပါတယ်။ သူတို့ပြန်လာချိန်မှာပစ်တာပါ။ပစ်သမျှအလုံးတိုင်းကတော့ ပျူရွာထဲကိုကျရောက်ပါတယ်။ ဒရုန်းနဲ့ထောက်ကြည့်ထားလို့ပြောနိုင်တာပါ။ အထိခိုက်ကတော့စုံစမ်းနေဆဲပါ။”ဟု ဗိုလ်မြွေဟောက်က ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို Cobra One pku၊ TarTay pku၊ စနေမင်း-မြိုင်၊ Banyein၊ Pku n pdf၊ ဆင်ညီနောင် တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
အနောက်ဘုန်းကန်ပျူရွာက ပျူစောထီးများအားစစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။