မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ ထွေအုပ်ရုံး တပ်စခန်း နဲ့ ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်းရုံး) တပ်စခန်းတွေကို Myingyan Black Tiger (MBT) နဲ့ ညီနောင်မဟာမိတ်တွေက ဇန်နဝါရီ ၁၇ ရက် မနက် ၆ နာရီကျော်မှ စတင်ကာ တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စစ်ရေးအသာစီးရယူ တိုက်ခိုက်နိုင်ခဲ့ပြီး ငြိမ်းဇာနည်း တပ်စခန်းကို သိမ်းပိုက်နိုင်တော့မယ်အချိန်မှာ အကြမ်းဖက်စစ်တပ်က အင်အားဖြည့် တင်းတဲ့ စစ်ကြောင်းရောက်လာတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အင်အားဖြည့် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်က နှစ် ဘက် ညှပ်ခုခံနေတဲ့ကြားထဲက စခန်းသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ်ရဲ့ စခန်းထဲကို ကျည်အား၊ လူအင်အားနဲ့ ဖိတိုက်နိုင်ခဲ့သလို RPGနဲ့ပါ ရန်သူ့ဘန်ကာတွေနဲ့ အထိုင်စခန်းတွေကို ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး ဝေဟင်ကပါ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်သူ့ဘက်က အထိနာအကျအဆုံးများနေပေမယ့် ခံစစ်အနေအထားကောင်းခြင်း၊ အခိုင်အမာ ဘန်ကာတွေထဲကနေ ခုခံတိုက်ခိုက်နေသလို တိုက်ပွဲအချိန်ကြာမြှင့်လာကာ ရန်သူစစ်ကူလမ်း ကြောင်းများ ထပ်မံရောက်ရှိလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတွေက မနက် ၈ နာရီမှာ ပြန်လည်ဆုတ်ခွာလာခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ၄ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရရှိကာ Myingyan Black Tiger (MBT)အဖွဲ့မှ စစ်ကြောင်းမှူး ဆရာကရင်နဲ့ ထိန်းသိမ်းရေးခေါင်းဆောင် ရဲဘော်သုံးသုံးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲကို ယခုတိုက်ပွဲတွင် Myingyan Black Tiger (MBT) နဲ့အတူ LY- PDF ၊Bright Stars Group (LPDF) ၊ Royal Eagle People Defence Force ၊ ဗိုလ်ခြောက်ဆယ် ပြောက်ကျားတပ် ၊ N-YSO ၊ ရေညာမြေ အထူးကွန်မန်တိုတပ်ဖွဲ့ ၊ TPGပြောက်ကြားတပ်ဖွဲ့ နဲ့ သွေးသောက်တပ်ဖွဲ့ တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။