ရှမ်း-ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီတပ် နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့အတွက် ဒေသခံပြည်သူများက နေ့စဉ်အလှည့်ကျ ထမင်းထုပ်ပို့ပေးနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ညောင်ရွှေမြို့နယ်တောင်ပိုင်း စကားဒေသမှာရှိတဲ့ ပြည်သူလူထုတွေဟာ နေ့စဉ်နေ့တိုင်း တစ်အိမ်ကို ထမင်းထုပ် ၄ ထုပ်စီထုပ်ပိုးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ PNO ပြည်သူ့စစ်တွေ စားဖို့အတွက် စခန်းအရောက် နေ့တိုင်း သွားပို့ပေးရတာဖြစ်ပါတယ်။
“အရင်ကတော့ တစ်ပတ်တစ်ခါ ဆန် ဆီ ဆား နဲ့ ရိက္ခာခြောက်တွေ ဟင်းစားတွေကို အလှည့်ကျပို့ပေးရတယ်။ အခုက သူတို့ဘာသာ ချက်စားတာမျိုးတောင် မဟုတ်တော့ဘူး။ ရွာသားတွေက အသင့်ချက်ပြီး ထုပ်ပိုးပြီး သူတို့ကို သွားပို့ပေးရတာ။ သူတို့ကို သူတို့ပြောတော့ စစ်သားတွေ ပြည်သူကိုကာကွယ်တာတဲ့ လက်တွေ့က ကိုယ်စားဖို့ ထမင်းတောင် မချက်ဘူး” လို့ စကားဒေသခံတစ်ဦးကပြောပါတယ်။
စကားဒေသရှိ ကျေးရွာတွေဟာ အလှည့်ကျ ထမင်းဟင်းချက်ပြီး ထုပ်ပိုးကာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် စခန်းရှိတဲ့ ထီရီးကျေးရွာအထိ နေ့တိုင်း သွားပို့ပေးရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
“အလှည့်ကျတဲ့ရွာတွေက ထမင်းထုပ်တွေစုပြီးတော့ ကားရှိတဲ့လူက သွားပို့ပေးရတယ်။ သူတို့စားဖို့ ထမင်းပို့ပေးတာတောင်မှ ကောင်းကောင်းမဆက်ဆံဘူး။ ဟင်းမကောင်းတဲ့နေ့တို့ အသားဟင်းမပါတဲ့ နေ့တို့ဆို ထမင်းသွားပို့တဲ့လူကို ဆဲဆိုခြိမ်းခြောက်ပြီးမှ ပြန်လွှတ်တယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။
ထီရီးကျေးရွာတောင်ဘက်မှာ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်ပူးပေါင်း တပ်စွဲနေတာဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေပါတယ်။
အဲ့ဒီ ထီးရီးကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီ နဲ့ PNO ပူးပေါင်းစခန်းကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှာ တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်မှ ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၅ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ဖူးပါတယ်။