ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ စစ်ဘေးရှောင် ၂,၀၀၀ ကျော်ဟာ စား၊ ဝတ်၊နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နာဝါရီလ ဒုတိယ အပတ်လောက်ကစပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ကယား (ကရင်နီပြည်) လွိုင်ကော်မြို့နယ်တို့က ရောက်ရှိလာတာလို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “အိပ်စရာ မရှိလို့ မြေကြီးပေါ် အိပ်နေကြတာ အများကြီး။ အကုန်လုံး မပြေလည်တဲ့သူတွေဆိုတော့ လိုတာက အကုန်လိုတယ်။ လောလောဆယ် ဦးစားပေးကတော့ စားဖိုနဲ့ အိပ်ဖို့” လို့ ပြောပါတယ်။
လတ်တလောမှာ စခန်းတွေ ဆောက်ဖို့ မိုးကာနဲ့ ဝါးတွေ မရှိတဲ့အပြင် အနွေးထည်တွေ ပါမလာတာကြောင့် အအေးဒဏ် ခံနေရပြီး ရာသီတုတ်ကွေးရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အရင်က ပင်လောင်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်တွေကို ကူညီတဲ့ NGOs (အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း)၊ CSOs (အရပ်ဘက် အဖွဲ့အစည်း)နဲ့ ပရဟိတ္တအဖွဲ့အစည်းတွေ ကူညီခဲ့ကြပေမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လလောက်ကစပြီး အကူအညီတွေ မရတော့ဘူးလို့ ဆိုပါတယ်။
လတ်တလောမှာ စစ်ဘေးရှောင်တွေဟာ ပင်လောင်းမြို့နယ် အတွင်းက နမ်းဖာမူ၊ ဆောင်လန်း (တောင်/မြောက်)၊ ကုန်းသာ၊ ကုန်းပေါ၊ ဗန်းမောက်၊ သစ်ပင်ကောက် စတဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။