တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မြို့အထွက်ရှိ နမ့်ခုမ်ရွာက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်အချို့ တံခါးဖျက် မွှေနှောက်ကာ နေအိမ်ထဲက ပစ္စည်း ခိုးယူခံနေရကြောင်း စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။
“အိမ်တွေ သော့ဖျက်ပြီး မွစာကျဲ နေအောင် မွှေထားတယ်။ စစ်ကောင်စီ စစ်သားတွေက ရွာထဲက နေအိမ်တွေမှာ တက်နေတယ်။ သူတို့ ယူချင်တဲ့ ပစ္စည်း အကုန်ယူတယ်။ ခုံတွေကအစ ခိုးယူနေကြတယ်။ ကားနဲ့သယ်ပြီးတော့ မူဆယ် စက်မှုဘက် မောင်းသွားတယ်” လို့ စစ်ရှောင် ပြည်သူ တစ်ဦးက ပြောပါတယ်။
သူနာပြုတွေရဲ့ နေအိမ်တွေ အပါအဝင် ရွာထဲက နေအိမ် တော်တော်များများ သော့ဖျက်ကာ ဝင်ပြီး ပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရွာမှာ စစ်ကောင်စီတပ်က စခန်းချ နေထိုင်နေပြီး တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမယ့် ဒေသခံတွေကို ရွာထဲ ပြန်ဝင်ခွင့် မပေးလို့ အခက်ကြုံနေကြရတယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“မူဆယ်ကနေ ပြန်တဲ့ လမ်းမကြီး ပိတ်ထားဝောာ့ ရွာသားတွေက ကွင်းလမ်းကနေ ပြန်လာကြတယ်။ ရွာထဲ မဝင်ခိုင်းဘူး။ ကွင်းလမ်းတွေကိုလည်း မြေကော်စက်နဲ့ မြောင်းတူး ဖြတ်ထားဝယ်။ အဲနားရောက်ရင် သေနတ်နဲ့ ပစ် ခြောက်တယ်။ ရွာကလူတေဠက စစ်ရှောင်လာတာ ၂ လ ရှိတော့မယ်။ ပစ္စည်း ယူဖို့ ခွင့်တောင်းတာလည်း ပေးမဝင်ဘူး” လို့ သူက ပြောပါတယ်။
နမ့်ခုမ်ရွာက ဒေသခံတွေက မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုက်ပွဲ ပြင်းထန်လာလို့ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရွာလုံးကျွတ် စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။