စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စျေးဝယ်ပြန်လာသည့်ဆိုက်တွဲယာဥ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ပြီး တစ်ဦးသေဆုံးကာတစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်နေ့ ) မွန်းလွှဲ ၂ နာရီခန့်က မုံရွာမြို့မှ ပြန်လာသော ဆိုက်တွဲယာဥ် ၁ စီးအား ပရစ်ကုန်းတောင်ရွာ နှင့် မြောက်ရွာကြား ဆင်ခံဘုရားအနီးရောက်နေသော စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ဆိုက်တွဲယာဥ်ပေါ်ပါ အမျိုးသမီး၂ ဦး ကျည်ထိမှန်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“စျေးဆိုက်တွဲနဲ့လိုက်လာတဲ့ ပြည်သူတွေ။တစ်ယောက်ကတော့ ပွဲချင်းပြီးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသော အမျိုးသမီး၏ အခြေအနေကို အသေးစိပ်မသိရသေးပေ ။
ထို့အပြင်ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ထနောင်းတော(မြောက်)ရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး လက်နက်ကြီးစ ထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း အသိပေးသည်။
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်နေ၍ ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားနေသည်။