ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာ တစ်ပိုင်တစ်နိုင် ဆောင်းသီးနှံကို စိုက်ပျိုးထားကြပြီး ဇန်နဝါရီလအတွင်းမှာ စတင်ခူးဆွတ်နေပြီလို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်စခန်းရှိတဲ့နေရာဟာ ဝေးလံခေါင်ဖျားတဲ့ နေရာဖြစ်တဲ့အပြင် ကုန်ဈေးနှုန်းကြီးမြှင့်နေတာကြောင့် မီးဖိုချောင်အသုံးစရိတ်ကို လျော့ချနိုင်ဖို့အတွက် စစ်ရှောင်တွေကနေ တစ်ပိုင်တစ်နိုင် ဆောင်းသီးနှံကို စုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် အများစုဟာ ဖရူဆိုမြိုနယ်အတွင်းက ဒေသခံတွေဖြစ်ကြပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ ဝင်ငွေမရှိတာကြောင့် ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးထားကြတာပါ။ မျိုးစေ့၊ ပျိုး တွေကို ဝယ်ယူရတာကြောင့် လက်ရှိမှာ ၅ဧကခန့်သာ စစ်ရှောင်တွေက စိုက်ပျိုးနိုင်ကြတယ်လို့ ဆိုပါတယ်။ ပိုမိုစိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့တွေကို ထောက်ပံ့ပေးကြဖို့လည်း တောင်းဆိုထားကြပါတယ်။
သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာ အခြေခံစားသောက်ကုန် သက်သာချောင်ချိရေးအတွက်ပါ ရည်ရွယ်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်ညင်း၊ ဆလတ်ရွက်၊ နံနံပင် အပြင် တခြား ဆောင်းသီးနှံကိုလည်း စိုက်ပျိုးထားကြပါတယ်။
စစ်ရှောင်ကာလ ၂နှစ်ကျော်ရှိနေပြီဖြစ်ပြီး ကာလကြာမြှင့်လာတာနဲ့အမျှ အလှူရှင်လှူဒါန်းထောက်ပံ့တာ နည်းပါးလာတာကြောင့် စားနပ်ရိက္ခာအခက်အခဲလည်းရှိနေကြတယ်လို့ ဆိုပါတယ်။ သဲဖြူကုန်း စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော် နဲ့ လူဦးရေ စုစုပေါင်း ၉၀၀ ဝန်းကျင် ရှိနေပါတယ်။